ပြည်တွင်းမှာ Rooftop Bar များ အများအပြားပေါ်ပေါက်လာသည်နှင့်အမျှ မြို့တွင်းနေရာအနှံ့အပြားတွင် Nightlife သည် သက်ဝင်လှုပ်ရှားနေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ကွီး တို့အတွက် ရန်ကုန်မြို့တွင်းသာမက မန္တလေး မြို့တွင်းမှာလည်း Rooftop Bar များ အများအပြား ဖွင့်လှစ်ထားတာကို တွေ့မြင်ရမှာပါ။
သဘာဝလေနုအေးလေးနဲ့ ကော့တေးတို့ ဝီစကီတို့သောက်ရင်း အေးဆေး Chill ချင်တဲ့ ကွီး တို့အတွက် မန္တလေး မြို့တွင်းရှိ ထိုင်လို့ကောင်းတဲ့ Rooftop Bar များအကြောင်းကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ဒေသခံများသာမက နိုင်ငံခြားသားများလည်း ရံဖန်ရံခါ လာထိုင်ကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ကွီး တို့အတွက် မန္တလေး မြို့တွင်းရှိ နာမည်ကြီး Rooftop Bar များကတော့ …
Nova Rooftop Bar

Photo: Nova Rooftop Bar Facebook
အသောက်တစ်လိုင်း ဘော်ဘော်တွေ အတွက်ရော အစားတစ်လိုင်း ဘော်ဒါတွေအတွက်ပါ အကြိုက်တွေ့သွားစေမယ့် Rooftop Bar တစ်ခုရှိပါတယ်။ တည်နေရာကတော့ ၃၂ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိတာဖြစ်ပါတယ်။

Photo: Nova Rooftop Bar Facebook
ဘီယာမျိုးစုံ၊ ကော့တေးမျိုးစုံအပြင် အမြည်းအနေနဲ့ ဂဏန်းပျော့ မရောနိစ်သုတ်၊ ကြက်သားသုတ်၊ ဝက်ဂုဏတ်သား၊ ပင်လယ်စာမျိုးစုံ၊ ကိုရီးယားစတိုင်လ် ကြက်ကြော်၊ လယ်သမားဟင်းချို အစရှိသည်တို့ကို မှာယူစားသုံးနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။
မွေးနေ့ပွဲများ၊ နှစ်ပတ်လည်ပွဲများ၊ လက်ထပ်ခွင့်တောင်းဖို့ရန်အတွက် ပြင်ဆင်ပေးတဲ့ပွဲများ၊ ရုံးပါတီပွဲများ စသည်ဖြင့် ပါတီပွဲမျိုးစုံကျင်းပချင်သူများအတွက်လည်း ဈေးတန်တန်နဲ့ ဝန်ဆောင်မှုမျိုးစုံကို ပေးနေတာကတော့ Nova Rooftop Bar ပဲဖြစ်ပါတယ်။
Apex Bar

Photo: Tripadvisor
ဒီဘားလေးကတော့ မန္တလေးမြို့ရှိ အမြင့်ဆုံးဘားတစ်ခုဖြစ်ပါတယ်။ Apex ဟိုတယ်ရဲ့ ၁၂ ထပ်မြောက်မှာ တည်ရှိတာဖြစ်ပါတယ်။ ဒီဘားမှာဆိုရင် နေရာနှစ်မျိုး ခွဲထားတာကို တွေ့မြင်ရမှာပါ။ ပထမတစ်ခုကတော့ ရိုးရိုး ညစာ စားချင်သူများအတွက် ညစာသုံးဆောင်ရန်နေရာနှင့် ဘားထိုင်ချင်သူများအတွက် ဘားစတိုင်လ်သီးသန့်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ လေပြေလေညှင်းများ တိုက်ခတ်လေ့ရှိတဲ့အပြင် တစ်မြို့လုံးရဲ့ ညအလှကို အပေါ်စီးကနေ ကြည့်ရှုနိုင်ပါတယ်။
တည်နေရာကတော့ ၃၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြားမှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၅ နာရီခွဲကနေ ည ၉ နာရီခွဲအထိဖြစ်ပါတယ်။
Sky Bar AT Brolly

Photo: Tripadvisor
Brolly ဆိုတဲ့ ကော်ဖီဆိုင်လေးသည် ၂၀၁၇ တုန်းက အကြောင်းအမျိုးမျိုးကြောင့် ပိတ်ပစ်လိုက်ရပြီးနောက်မှာတော့ ယခုတစ်ခါမှာ ဒီဇိုင်းအသစ်အဆန်းတစ်မျိုးဖြင့် ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။ အရင်ပိုင်ရှင်တွေကပဲ ဟိုတယ်ဆောက်ကာ အပေါ်မှာ အမိုးပွင့်ဘားလေး ဖန်တီးပေးထားတာဖြစ်ပါတယ်။ Sky Bar လေးက သူ့ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် သေးငယ်တဲ့ ဘားတစ်ခုဖြစ်ပေမယ့် ထိုနေရာကနေ မန္တလေးတောင်နှင့် ရှမ်းတောင်တန်းများကို မြင်တွေ့ရနိုင်ပါတယ်။
အစားအစာများကလည်း အရသာရှိပြီး ဖျော်ရည်အမျိုးအစားစုံစုံလင်လင်ကိုလည်း မှာယူရရှိနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။
Sky Bar At Ayarwaddy River View Hotel

Photo: Tripadvisor
ဒီ Sky Bar ကတော့ Ayewaddy River View ဟိုတယ်ရဲ့ ၆ လွှာမှာ တည်ရှိတာဖြစ်ပါတယ်။ ဘီယာမျိုးစုံ၊ ကော့တေးမျိုးစုံ၊ ရမ်မျိုးစုံကိုလည်း မှာယူရရှိနိုင်ပါတယ်။ များသောအားဖြင့် ထိုဘားသည် ဟိုတယ်သို့ လာရောက်တည်းခိုကြတဲ့ ဧည့်သည်များဖြင့် ပြည့်နှက်နေတာဖြစ်ပါတယ်။ သို့သော် ပြင်ပမှ ဧည့်သည်များလည်း လာရောက်နိုင်ပါသေးတယ်။
MEGA Z Sky View Restaurant & KTV

Photo: MEGA Z Sky View Restaurant & KTV Facebook
ဒီဆိုင်လေးကတော့ ၃၃ (ခ) ၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ အလှဆုံး နေဝင်ချိန်ကို ကြည့်ရှုချင်သူများအတွက် အလှပဆုံးရှုမျှော်ခင်းများကို တစ်ဝကြီး ကြည့်ရှုနိုင်မယ့် Sky View Restaurant လေးပဲဖြစ်ပါတယ်။

Photo: MEGA Z Sky View Restaurant & KTV Facebook
ဂီတသံစဉ်များနဲ့အတူတူ စီးမြောချင်သူများအတွက် Unplugged Live Music အစီအစဉ်များလည်း ရှိပြီး သူငယ်ချင်းများနှင့်အတူတူ မိတ်ဆုံစားပွဲ၊ ပါတီပွဲမျိုးစုံကို မိမိစိတ်ကြိုက်ဖန်တီးနိုင်တဲ့အပြင် မွေးနေ့ပါတီ၊ နှစ်ပတ်လည်ပါတီ၊ စပရိုက်ပါတီမျိုးစုံကိုလည်း စိတ်တိုင်းကျဖန်တီးနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၁၀ နာရီမှ သန်းခေါင်ယံ ၁၂ နာရီအထိဖြစ်တာကြောင့် မိမိအားတဲ့အချိန်မှာ စိတ်လွတ်လက်လွတ် သွားထိုင်ကာ အရသာရှိတဲ့ အစားအစာမျိုးစုံ၊ ကော့တေးမျိုးစုံ၊ ဘီယာမျိုးစုံကိုလည်း မြည်းစမ်းသောက်သုံးနိုင်ပါသေးတယ်။
Source: Myanmore
Featured Image: Thrillist
