အရသာစွဲမက်သွားစေမယ့် ဘီယာ၊ ကော့တေး၊ ဝီစကီမျိုးစုံကို လျှာလည်သွားစေမယ့် အမြည်းမျိုးစုံဖြင့် သုံးဆောင်ချင်တဲ့ ကွီး တို့အတွက် ဒီတစ်ခါမှာတော့ မန္တလေး မြို့တွင်းရှိ ထိုင်လို့ကောင်းတဲ့ စားသောက်ဆိုင်နှင့် ဘား များ အကြောင်းကို ဝေမျှပေးချင်ပါတယ်။
Space Bar
Photo: Space Bar Facebook
ဆိုင်ရဲ့နာမည်ကတော့ Space Bar လို့ အမည်ရပါတယ်။ ဆိုင်ရဲ့တည်နေရာကတော့ ၆၂ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ မဟာအောင်မြင်မြို့နယ်၊ မန္တလေးမြို့တွင် တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ ညနေ ၃ နာရီကနေ ည ၉ နာရီအထိဖြစ်ပါတယ်။
ကွီး တို့အနေနဲ့ ရုံးဆင်းချိန်လေးမှာ ဘော်ဒါတွေနဲ့အတူတူ အေးအေးဆေးဆေးလေး ထိုင်ကာ စကားစမြည်ပြောချင်တယ်ဆိုရင်တော့ မန္တလေး မြို့ရှိ ဟောဒီ့ ဘား လေးသို့ သွားရောက်နိုင်ပါတယ်။
ဘီယာမျိုးစုံ၊ ကော့တေးမျိုးစုံအပြင် သူတို့နဲ့ လိုက်ဖက်တဲ့ဝက်သားလုံးသီးစုံမွှေး၊ ယိုးဒယား ငါးခြောက်စပ်၊ ကြက်တောင်ပံ သကြားလုံး အစရှိတဲ့ အရသာစုံလင်တဲ့ အမြည်းမျိုးစုံကိုလည်း မှာယူစားသောက်နိုင်ပါတယ်။
W Entertainment Bar & Restaurant
Photo: W Entertainment Bar & Restaurant Facebook
ဆိုင်လေးရဲ့ တည်နေရာကတော့ ၅၉ လမ်း၊ ၃၈ လမ်းနှင့် ၂၉ လမ်းကြား၊ မန္တလေးမြို့တွင် တည်ရှိတာဖြစ်ပြီး ဆိုင်ကတော့ နေ့စဉ် ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။
အနုပညာရှင်များကို တစ်ရက်နဲ့တစ်ရက် မထပ်ရလေအောင် ဖိတ်ကြားထားတဲ့အတွက်ကြောင့် ဘော်ဒါ၊ မိတ်ဆွေတွေနဲ့အတူတူ ကဲချင်တယ်ဆိုရင်တော့ ကွီး တို့အတွက် မန္တလေး ရှိ ဟောဒီ့ စားသောက်ဆိုင်နှင့် ဘားလေး ကို ညွှန်းပေးချင်ပါတယ်။
အမိုက်စား Shisa အိုးများ၊ ဘီယာမျိုးစုံ၊ ကော့တေးမျိုးစုံကို မှာယူနိုင်တဲ့အပြင် ကွီးတို့စိတ်ကြိုက် အမြည်းမျိုးစုံကိုလည်း မြည်းစမ်းသုံးဆောင်နိုင်ပါသေးတယ်။ ထူးခြားတဲ့ အစီအစဉ်မျိုးစုံကိုလည်း အပတ်စဉ် မရိုးရလေအောင် ဖန်တီးပေးထားတဲ့အတွက်ကြောင့် လက်လွတ်မခံသင့်တဲ့ ဘားတစ်ခုပဲဖြစ်ပါတယ်။
Tropical
Photo: Top-rated.online
ဒီဆိုင်လေးကတော့ ၆၃ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။
ဒီဆိုင်လေးရဲ့ အားသာချက်ကတော့ ဘီယာအသစ်အသစ်တွေကို အချိန်နဲ့ တပြေးညီမိတ်ဆက်ပေးလျက်ရှိတာကြောင့် အမိုက်စားဘီယာအသစ်တွေကိုမှ သောက်သုံးချင်တဲ့ ကွီးတို့အတွက်တော့ မန္တလေး မြို့ရှိ အမိုက်စား ဘား တစ်ခုပဲဖြစ်ပါတယ်။
ဆိုင်ရဲ့ အပြင်အဆင်ကလည်း ရိုးရိုးရှင်းရှင်းလေးမို့ အေးအေးဆေးဆေးနဲ့ ဘီယာလေး သောက်လိုက် အမြည်းလေးစားလိုက်ဖြင့် အချိန်ကုန်ဆုံးချင်တဲ့ ကွီးတို့အတွက် ကွက်တိပဲပေါ့။ ဘီယာမျိုးစုံအပြင် ဆိတ်သားထောင်း၊ ပင်လယ်စာ အစုံထောင်း၊ ဝက်ဗယာကြော် အစရှိတဲ့ အမြည်းမျိုးစုံကိုလည်း မှာယူရရှိနိုင်ပါသေးတယ်။
Featured Image: Zomato