ပါတီပွဲတွေက လူတိုင်းအတွက်တော့ ပျော်စရာ အခမ်းအနားတစ်ခု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တချို့ လူမှုဆက်ဆံရေးမှာ အားနည်းတဲ့ Introverts တွေအတွက်ဆိုရင် ပါတီတက်ရမယ်ဆိုတဲ့ အတွေးနဲ့တင် ရင်တုန်စိတ်လှုပ်ရှားပြီး ထိုင်ရခက်ထရခက် ဖြစ်နေမှာပါ။ ပါတီပွဲတွေနဲ့ သိပ်မရင်းနှီးတဲ့ သူဆိုရင် တော်ရုံပါတီပွဲတက်ဖို့ကို စိတ်ကူးနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် အလုပ်ကဖြစ်စေ ၊ လူမှုရေးအရဖြစ်စေ မဖြစ်မနေ ပါတီတက်ရတော့မယ်ဆိုရင် အခုပြောပြမယ့် ပါတီ တစ်ခုကို ဘယ်လိုမျိုး အပျော်ရွှင်ဆုံး ဖြတ်သန်းနိုင်မလဲဆိုတဲ့ အကြံပြုချက် လေးတွေက လက်တွေ့မှာ အသုံးဝင်စေပါလိမ့်မယ်။
(၁) စိတ်ကို ပေါ့ပေါ့ပါးပါးပဲ ထားပါ
Photo : Everypixel
ကိုယ်နဲ့ အသားမကျတဲ့ နေရာတစ်ခုရောက်ရင် လူတိုင်းက ဖိအားတချို့ ခံစားတက်ကြရတာ သဘာဝပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေမှာ စိတ်လျှော့ဖို့ ကြိုးစားလေ ပိုပြီး စိတ်ဖိစီးလာလေ ဖြစ်တက်တာကြောင့် စိတ်ကိုအရမ်းကြီး တင်းကျပ်မထားပဲ လွှတ်ထားလိုက်တာ ပိုကောင်းပါတယ်။ ပါတီကို စ,သွားပြီဆိုတာနဲ့ စိတ်ကို ပေါ့ပေါ့ပါးပါးပဲ ထားလိုက်ပါ။ စိတ်မှာ ဖိအားနည်းလေ ပျော်ရွှင်မှုကို ခံစားရလေ ဖြစ်ပါတယ်။
(၂) ယုံကြည်မှုရှိတဲ့ ဖက်ရှင်ကို ရွေးချယ်ဝတ်ပါ
Photo : eHarmony
ပါတီမှာ ပျော်ရဖို့ ဝတ်စားဆင်ယင်မှု ဖက်ရှင်နဲ့ ဆိုင်လို့လားလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အဓိက ကတော့ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုက စိတ်ခံစားမှုအပေါ် အများကြီး သက်ရောက်စေနိုင်လို့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့ ဖက်ရှင်ကို ရွေးချယ်ဝတ်ဆင်ခြင်းဟာ ဘယ်နေရာ ၊ ဘယ်ပွဲပဲတက်တက် ခံစားမှုက အမြင့်ဆုံးကို ရောက်နေမှာ ဖြစ်ပါတယ်။ အဝတ်အစားနဲ့ပတ်သတ်ပြီး ယုံကြည်မှုမရှိတဲ့အခါ စိတ်ထဲမှာ မလုံခြုံမှုတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားလျော့ပြီး ပါတီကို အပျော်ရွှင်ဆုံး ဖြတ်သန်းနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ပါတီ တက်တဲ့အခါ သက်တောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝ ရှိစေမယ့် ဖက်ရှင်ကို ရွေးချယ်ဝတ်ဆင်ခြင်းဟာ ပါတီမှာ ပျော်ရွှင်ပြီး စိတ်ခံစားမှုကောင်းနေစေမယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
(၃) လူတွေနဲ့ လိုက်လျောညီထွေ နေပါ
Photo : Vancouver Is Awesome
ပါတီထဲကို ရောက်တဲ့အခါ ကိုယ်တစ်ယောက်တည်း ငြူငြူငိုင်ငိုင်နဲ့ ချောင်တစ်ချောင်မှာသွားပုန်းနေတာမျိုး မလုပ်ပါနဲ့။ ပါတီ အခုမှစတက်မယ့် သူတစ်ယောက်အတွက် လူသစ်တွေနဲ့ တွေ့ဆုံမိတ်ဆက် ပေါင်းသင်းဆက်ဆံဖို့ဆိုတာ ခက်ခဲကောင်းခက်ခဲ နိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ပါတီမှာ အားလုံးနဲ့အတူတူ တသားတည်း လိုက်လျောညီထွေလေးပဲ ဖြတ်သန်းလိုက်ပါ။ ပါတီမှာ အသိမိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ရင် နှုတ်ဆက်ပါ။ လူစိမ်းတွေနဲ့ စမ်းပြီး မိတ်ဆွေဖွဲ့ကြည့်ပါ။ ဒါဟာ ကွီးတို့အတွက် မိတ်ဆွေအသစ်တွေ တိုးလာနိုင်သလို ပါတီမှာ အားလုံးနဲ့ထပ်တူ ပျော်ရွှင်မှုကို ခံစားနိုင်မှာဖြစ်ပါတယ်။
(၄) ချင့်ချိန်သောက်ပါ
Photo : Business Insider España
ပါတီလို့ပြောလိုက်ရင် အသောက်အစား ကဏ္ဍလေးတွေကတော့ မပါမဖြစ်ပါပဲ။ ဒါပေမယ့် ပျော်လို့ပဲ ဖြစ်ဖြစ် ၊ စိတ်ဖိစီးလို့ပဲ ဖြစ်ဖြစ် အလွန်အကျွံ သောက်ခြင်းကိုတော့ အထူးရှောင်ကြဉ်သင့်ပါတယ်။ ပါတီရဲ့ ပျော်ရွှင်မှု ရသအစစ်ဟာ အဖျော်ယမကာတွေပဲ လှိမ့်သောက်ပြီး ဖြတ်သန်းရတာ မဟုတ်ပါဘူး။ အသင့်အတင့် နေထိုင်လို့ကောင်းရုံ ၊ စိတ်ပျော်ရွှင်ရုံလောက်သောက်ပြီး ပါတီရဲ့ ပျော်ရွှင်မှု အရသာစစ်စစ်ကို ခံစားသင့်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီ တက်မယ်ဆိုရင် ဘာအကြောင်းနဲ့မှ အရက်နဲ့အဖျော်ယမကာတွေကို အလွန်အကျွံ မသောက်ပါနဲ့။
(၅) ပါတီဂိမ်းတွေမှာ ပါဝင်ပါ
Photo : The Voice of Woman
ပါတီတွေမှာ အားလုံးတစ်ယောက်နဲ့ တစ်ယောက်ပိုရင်းနှီးဖို့ ၊ ပိုမိုပျော်ရွှင်တဲ့ ခံစားမှုကို ရစေဖို့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ ပါတီဂိမ်းအစီအစဉ်လေးတွေကို ထည့်သွင်းကစားလေ့ ရှိပါတယ်။ ကွီးတို့အနေနဲ့ ဒီလို ပါတီဂိမ်းလေးတွေမှာပါဝင်ပြီး ဆော့ကစားဖို့ အကြံပြုချင်ပါတယ်။ ဘေးမှာ ရပ်ကြည့်တာထက် ကိုယ်တိုင်ပါဝင်ပြီး ဆော့တာက ရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ပိုကောင်းစေသလို ပါတီ ထဲက တစ်ခါမဆုံဖူးတဲ့ သူစိမ်းတွေနဲ့လည်း ရင်းနှီးမှု ရစေမှာ ဖြစ်ပါတယ်။
Featured Photo : Unsplash