ကော့တေး၊ ဗော့ကာ၊ ဝီစကီ၊ ဘီယာ စသည်ဖြင့် အယ်လ်ကိုဟော ဖျော်ရည် အမြောက်အမြားရှိတဲ့အနက် ဘီယာ ကို အသည်းစွဲကြတဲ့ ကွီးတို့အတွက် အကောင်းစားဘီယာများ မြည်းစမ်းသောက်သုံးနိုင်တဲ့ ရန်ကုန်မြို့တွင်းရှိ အမိုက်စား ဘား နှင့် စားသောက်ဆိုင်များအကြောင်းကို ဝေမျှပေးချင်ပါတယ်။

အမိုက်စား ဘီယာ များကို မှာယူသောက်သုံးနိုင်တဲ့အပြင် လျှာလည်သွားစေမယ့် အမြည်းများ၊ များပြာစုံလင်လှတဲ့ သီဆိုဖျော်ဖြေမှုများလည်း တင်ဆက်ပေးနေတဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ အခုဖော်ပြပေးမယ့် ဘား များကို အနှစ်သက်ကြီး နှစ်သက်နေတော့မှာ ရဲရဲကြီး အာမခံရဲပါတယ်။

The Beer Bar

The Beer Bar

Photo: Facebook

ဒီ ဘီယာ ဘား ကတော့ အမှတ် (၃၀) ၊ စက်မှု (၄) လမ်း၊ တောင်ဥက္ကလာပစက်မှုဇုန်၊ တောင်ဥက္ကလာရပ်ကွက်၊ ရန်ကုန်မြို့မှာ တည်ရှိတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ အရင်တုန်းကတော့ မြောက်ဥက္ကလာပမြို့နယ်ထဲမှာ ဖွင့်လှစ်ထားပေမယ့် အခုတစ်ခါမှာတော့ တောင်ဥက္ကလာပမှာ ပြောင်းလဲဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီမှ ည ၁၁ နာရီအထိဖြစ်ပါတယ်။ ဆိုင်အသစ်ကိုတော့ ၂၇ ရက်နေ့ စနေနေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး နိုင်ငံကျော် တေးသံရှင်းများဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းနှင့် သားငယ် (Myanmar Idol) မှ လာရောက်ဖျော်ဖြေပေးမှာဖြစ်လို့ ကွီးတို့အားလုံး သွားရောက်ဖို့ မမေ့နဲ့ဦးနော်။

ဘီယာများကို မိမိစိတ်ကြိုက် ရောစပ်ကာ သောက်သုံးနိုင်တဲ့အပြင် ဆိုင်ရဲ့အပြင်အဆင်တွေကလည်း အမိုက်စား ပြင်ဆင်ထားတဲ့အတွက်ကြောင့် ဓာတ်ဖမ်းချင်သူများအတွက်လည်း အသင့်တော်ဆုံး နေရာတစ်ခုပါပဲ။

The Beer Factory

ဘီယာ ဘား

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် (၁၀) ၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိပြီး ဘီယာချစ်သူများရဲ့ အသည်းစွဲ ဆိုင်တစ်ဆိုင်ဆိုလည်း မမှားပါဘူး။

သေသေချာချာ ဖျော်စပ်ထားတဲ့ Special Brew Beer များလည်း မှာယူသောက်သုံးနိုင်သလို Tuborg ဘီယာ၊ Carlsberg ဘီယာ စသည်ဖြင့် ဘီယာအမျိုးအစားအစုံအလင်ကိုလည်း မှာယူသောက်သုံးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘီယာနဲ့ သေသေချာချာနှပ်ထားကာ ကင်ထားတဲ့ Roasted Chicken လေးသည်လည်း ကွီးတို့ကို ဆွေမျိုးမေ့သွားအောင် ဆွဲဆောင်နေပါလိမ့်မယ်။ ဘီယာတင်ပဲလား။ မဟုတ်သေးပါဘူး။ အနံ့အရသာချိုချိုလေးနဲ့ ရှီရှာလေးလည်း ရှိသေးတဲ့အတွက်ကြောင့် ကွီးတို့စိတ်ကြိုက် မြည်းစမ်းနိုင်ပါတယ်။ အခြားသော အရသာရှိတဲ့ အမြည်းမျိုးစုံလည်း ရှိတဲ့အတွက်ကြောင့် ကွီးတို့စိတ်ကြိုက် ဘီယာနဲ့ လိုက်မယ်ထင်တဲ့ အမြည်းများကို တွဲဖက်စားသောက်နိုင်ပါသေးတယ်။

TIPSY

ဘီယာ ဘား

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် ၁၃၈ ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး လူငယ်များအကြား ပေါ်ပြူလာဖြစ်တဲ့ ဘားတစ်ခုပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းတွေလည်း အမြဲတမ်းရှိတဲ့ နေရာလေးဖြစ်တဲ့အပြင် တနင်္လာနေ့တိုင်းမှာ Open Mic Night ရှိတဲ့အတွက်ကြောင့် အဆိုရှင်များအားလုံးအတွက် ကိုယ်တိုင်တက်ဟဲလို့ရတဲ့ အစီအစဉ်တစ်ခုပါပဲ။

ဘီယာ ဘား

Photo: Facebook

အမျိုးအစားစုံလင်လှတဲ့ အကောင်းစားဘီယာများကို မှာယူသောက်သုံးနိုင်တဲ့အပြင် သိပ်မကြာသေးခင်ကလည်း မီနူးအသစ်အဖြစ် ကော့တေးမျိုးစုံကိုလည်း မိတ်ဆက်ထားတဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာအမှန်ပါပဲ။ ဆိုင်နေရာလေးကလည်း ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ တည်ရှိတဲ့အတွက်ကြောင့် သွားလာရတာလည်း လွယ်ကူတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

Featured Image: Myanmore