စွန့်ဦးတီထွင်ရေးသမားတွေရဲ့ ဘဝဟာ အရင်းအနှီးကြီးတဲ့ ဘဝပါပဲ။ Entrepreneurs လို့ ခေါ်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ အလုပ်ကို သူတကာထက် ပိုရုန်းကန်ရသလို ရေရှည်အောင်မြင်ရေး အတွက်လည်း ရင်းနှီးမြှပ်နှံမှုတွေ ထည့်ဝင်ထားရပါတယ်။ စီးပွားရေးလုပ်ငန်းမှာအပြင် ကိုယ့်ကိုယ်ကိုယ်ပါ မှန်မှန်ကန်ကန် ရင်းနှီးမြှပ်နှံ နိုင်ဖို့ အချိန်ယူခြင်းဟာ ရေရှည် အောင်မြင်မှုအတွက် ထိရောက်သိသာတဲ့ ရလဒ်တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပဲ ရင်းနှီးမြှပ်နှံ မှုတွေ လုပ်မယ်ဆိုရင် ပိုထိရောက်အောင် ချဉ်းကပ်နိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ကိုယ့်ကို နိုးကြားထက်သန်စေတဲ့ အကြောင်းရင်းကို ရှာ ၊ ကိုယ့် Brand ကို ပုံဖော်ပါ။

Motivation

Photo : Pexels

မနက်မနက် ကိုယ့်ကို အိပ်ရာထဲက ခုန်ထပြီး အလုပ်သွားစေတဲ့ အကြောင်းရင်းက ဘာလဲ? ကိုယ့်ရဲ့ နေ့ရက်တိုင်းကို တွေးမိတိုင်း စိတ်အားတက်စေတဲ့ မဝေးလှတဲ့ အနာဂါတ် အစီအစဉ်တချို့က ဘာတွေလဲ ? တခြား စီးပွားရေးသမားတွေနဲ့ မတူတာက စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက ပိုပြီး ဒဏ်ခံနိုင်အောင် လေ့ကျင့်ထားရပါတယ်။ ကြုံလာမယ့် အခက်အခဲတွေကလည်း ကြုံနေကျ အတွေ့အကြုံမျိုး ဖြစ်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ဒဏ်ခံနိုင်အောင် ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ် ၊ ကိုယ့်အတွက်လည်း အဓိပ္ပါယ်ရှိပြီး ကိုယ်တကယ် စိတ်စိုက်ရင်းနိုင်တဲ့အလုပ်မျိုး ဖြစ်ဖို့ ရွေးချယ်ရပါတယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် တစ်ခုခုကို ရင်းနှီးမြှပ်နှံ ခါနီးတိုင်း Why လို့ ခေါင်းစဉ်တပ်ပြီးမှ လုပ်တာက ပိုပြီး အရေးကြီးပါတယ်။ ဘယ်လောက်ပဲ လုပ်ငန်းသက် ကြာကြာ ကိုယ်ရွေးချယ်တဲ့ အလုပ်တစ်ခုက ကိုယ့်အတွက် အဓိပ္ပါယ် Meaning နဲ့ ချစ်မြတ်နိုးမှု Passion မရှိရင် အောင်မြင်ဖို့ ခက်ပါတယ်။ ဒီလိုမျိုး အရည်အသွေး နှစ်ရပ် လစ်ဟာနေတဲ့ အလုပ်မှာ ရေရှည် လုပ်ဖို့အတွက်လည်း ခက်နိုင်ပါတယ်။

Entrepreneurs တွေအတွက် Passion ဟာ Business ကို ရှေ့မောင်း Forward လုပ်ပေးတဲ့ အရာပါ။ ဒါဟာ ကနဦးအဆင့် ခြေတစ်လှမ်းလည်း ဖြစ်သလို နောက်ခရီးမိုင်များစွာအတွက်လည်း တွန်းအားအဖြစ် လိုက်ပါသွားမယ့် အင်အားတွေပဲ ဖြစ်ပါတယ်။ Passion ရှိနေတဲ့ လုပ်ငန်း ကိုင်ငန်းမျိုးကို ရင်းနှီးမြှပ်နှံမှ ကိုယ့် Brand ကို ဈေးကွက်လိုအပ်ချက်နဲ့ စဉ်ဆက်မပြတ် ပြည့်မှီအောင် ဖြည့်ဆည်းနိုင်ဖို့ လုပ်ငန်းအခွင့်အလမ်း တိုးတက်ဖို့ နည်းလမ်းတွေ ရှာဖွေနိုင်မှာပါ။

(၂) နည်းပြဆရာ ရှာဖွေပါ

Mentor

Photo : Pexels

ရင်းနှီးမြှပ်နှံမှုဘက် အကျွမ်းမဝင်သေးတဲ့ လူသစ်စီးပွားရေး လုပ်ငန်းရှင် ကနေ ဝါရင့်သဘာရင့် ထိပ်တန်း စီးပွားရေးသမားကြီးတွေအထိ ကိုယ်မကျင်လည်တဲ့ ကဏ္ဍအတွက် ကျွမ်းကျင်သူကို ဆရာတင်ရပါတယ်။ ရင်းနှီးမြှပ်နှံမှုမှာလည်း ဒီသဘောပါပဲ။ ငွေကြေးအရ အမြတ်အစွန်းများနိုင်တယ်ဆိုရုံနဲ့ မျက်စိမှိတ်ပြီး ရင်းနှီးမြှပ်နှံလို့ မရပါဘူး။ လုပ်ငန်းသဘာဝ ၊ ဥပဒေ လုပ်ထုံးလုပ်နည်း နဲ့ ရင်းနှီးမြှပ်နှံဖို့ ညှိနှိုင်းမှု စတာတွေအတွက် နောက်ထပ် ကျွမ်းကျင်သူတွေရဲ့ အကူအညီ ၊ အထောက်အမ နဲ့ အကြံပေးလမ်းညွှန်မှုတွေ နားထောင်ဖို့ လိုပါတယ်။

ဒီလို လူတွေကို Mentor လို့ ခေါ်နိုင်ပါတယ်။ စွန့်ဦးတီထွင်တဲ့ Startup သမားတွေဟာ ကျွမ်းကျင်မှုကိုယ်စီ ရှိကြပေမယ့် အောင်မြင်တဲ့ စီးပွားရေးတစ်ခု ဖြစ်အောင် ပုံဖော်ပေးဖို့ Mentorship လိုပါတယ်။ Kabbage Inc က လုပ်ဆောင်တဲ့ သုတေသနတစ်ခုအရ လုပ်ငန်းငယ် Small Business Owners တွေရဲ့ ၉၂% က စီးပွားရေးနည်းပြဆရာ Mentor တွေဟာ သူတို့ လုပ်ငန်းရဲ့ ကြီးထွားမှု နဲ့ ရုန်းကန်ရပ်တည်မှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိတယ်လို့ ယုံကြည်ထားကြတယ်ဆိုပြီး ဖော်ပြထားပါတယ်။

အခုနောက်ပိုင်း Startup Campaign ၊ Kickstarter Campaign တွေမှာ ဝင်ပြိုင်ရင်းနဲ့ Mentor တွေ ရှာနိုင်သလို ကိုယ်သွားတဲ့ နယ်ပယ်အလိုက် ကိုယ်အထင်ကြီး လေးစားရတဲ့ Leader တစ်ယောက်နဲ့ ချိတ်ဆက်တာ ၊ ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ ချိတ်ဆက်တာကနေလည်း စီးပွားရေးနည်းခံ သင်သွားလို့ ရပါတယ်။ တခြားသူတွေရဲ့ အောင်မြင်မှု ၊ ဆုံးရှုံးမှုတွေဆီကနေ သင်ယူခြင်းက စွန့်ဦးတီထွင်မှုခရီးမှာ မရှိမဖြစ် အရေးပါတဲ့ အရာ ဖြစ်သလို လူရဲ့ ပုဂ္ဂိုလ်ရေး နဲ့ အသက်မွေးမှုဘဝပေါ်ပါ အကျိုးများပါတယ်။

(၃) အဖွဲ့ Team မှာ မြှပ်နှံပါ

Team

Photo : Pexels

ကိုယ့်ဘေးနားက လူတွေ တော်ရင် ချွန်ရင်လည်း ကိုယ့်လုပ်ငန်း အောင်မြင်ဖို့ အလားအလာမြင့်လာပါတယ်။ ကိုယ်နဲ့အတူ အလုပ်လုပ်တဲ့ Team Members တွေဟာ လူတော်တွေ ၊ စိတ်ဓါတ်ကောင်းပြီး ကိုယ့်အစွမ်းအစကို ထက်မြက်အောင် တွန်းခေါ် ဆွဲထုတ် Challenge လုပ်နိုင်ရင် ကိုယ့်လုပ်ငန်းမှာ အကောင်းဆုံး ရင်းနှီးမြှပ်နှံ မှုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုအတွက် ပိုက်ဆံတစ်ကျပ်မှ မကုန်ပေမယ့် အရည်အချင်းရှိတဲ့ Team တစ်ခုကနေ ရလိုက်တဲ့ အကျိုးအမြတ်ကတော့ မယုံနိုင်လောက်အောင် တက်လမ်းရှိပါတယ်။

(၄) ကိုယ့်ရဲ့ Professional ဖွံ့ဖြိုးရေး ကြိုးစားပါ

Working

Photo : Pexels

အခုလို ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ လုပ်ငန်းတစ်ခု ကြီးပွားဖို့ နဲ့ လူတစ်ယောက် အောင်မြင်ကျော်ကြားဖို့ အခွင့်အလမ်းတွေဟာ အတားအဆီးမရှိအောင် မြင့်မားလာပါတယ်။ ဖောက်သည်တွေနဲ့ ချိတ်ဆက်မှု ၊ အပြန်အလှန် စီးကူးလည်ပတ်နိုင်မှုနဲ့ စီးပွားရေးအခွင့်အလမ်းတွေကလည်း ပိုလို့ များလာပြီ ဖြစ်ပါတယ်။ ဒီအခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်ဖို့ နေ့စဉ် နေ့စဉ် ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှပ်နှံမှုတစ်ခု လုပ်ဖို့ လိုပါတယ်။

စာတစ်အုပ်ဖတ်တာ ၊ လမ်းသွားနေရင်း Podcast တစ်ခု နားထောင်တာ ကနေ အွန်လိုင်းကနေ ပညာရပ်သစ်တွေ လေ့လာတာအထိ လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးပါပဲ။ နောက်ပြီး အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် Event မျိုး တက်တာ ၊ နည်းလမ်းသစ်တွေ လေ့လာနိုင်မယ့် Conferences တွေ တက်တာမျိုးလည်း လုပ်နိုင်ပါတယ်။ အရေးကြီးတာက နေ့တိုင်းမှာ ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှပ်နှံမှု ပုံမှန် လုပ်သွားဖို့ပါပဲ။

Featured Photo : Small Business