မိမိအိမ်မှာ ဘော်ဒါတွေနဲ့အတူတူ သီးစုံကော့တေး ပါတီ ဖန်တီးချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ အသုံးတည့်မယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းကောင်းများသည် လွယ်ကူရိုးရှင်းပြီး လက်တွေ့ကျတဲ့အတွက်ကြောင့် ကွီးတို့အတွက်လည်း အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

သစ်သီးမျိုးစုံဖြင့် ပြုလုပ်ထားတဲ့ ကော့တေးများကို ပြင်ဆင်ထားပါ

သစ်သီးမျိုးစုံဖြင့် ပြုလုပ်ထားတဲ့ ကော့တေးများကို ပြင်ဆင်ထားပါ

Photo: Awarenessdays

သီးစုံကော့တေး ပါတီ ဆိုတော့ အဓိကအရေးအကြီးဆုံးအချက်သည် ကော့တေးအမျိုးအစားများကို စုံစုံလင်လင် ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပါတီပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဘယ်သူလုပ်မလဲဆိုတာလည်း ပွဲမစခင်ကတည်းက ကြိုတင်စဉ်းစားထားသင့်ပါတယ်။ ဒါမှ သင့်ရဲ့ ပါတီပွဲသည် အစီအစဉ်တကျဖြစ်ပြီး လာရောက်သူများလည်း စိတ်တိုင်းကျ ပျော်ရွှင်ရမှာဖြစ်ပါတယ်။

ကိုယ်တိုင်ကိုင်ကျ ပြင်ဆင်နိုင်ဖို့ရန်အတွက် အခွင့်အရေးပေးလိုက်ပါ

ကိုယ်တိုင်ကိုင်ကျ ပြင်ဆင်နိုင်ဖို့ရန်အတွက် အခွင့်အရေးပေးလိုက်ပါ

Photo: Taste Of Home

ပါတီပွဲစီစဉ်သူအနေနဲ့ ကော့တေးမျိုးစုံကို သေသေချာချာ ကြိုတင်ပြင်ဆင်ထားသလိုပဲ ဧည့်သည်များလည်း သူတို့စိတ်ကြိုက် ကော့တေးကို ကိုယ်တိုင်ပြင်ဆင်နိုင်ဖို့ရန်အတွက် အခွင့်အရေးပေးဖို့လည်း လိုပါလိမ့်မယ်။ ဒီနည်းလမ်းလေးက ပါတီပွဲကို ပိုပြီး ပျော်ရွှင်စရာကောင်းစေနိုင်သလို ပိုပြီး အသက်ဝင်လာအောင်လည်း ကူညီပေးပါတယ်။ ဒီလိုမျိုး ကိုယ်ပိုင်ကော့တေး ဖန်တီးဖို့အတွက်ဆိုရင် သစ်သီးများကို ရေခဲဖြင့် အအေးခံထားဖို့လိုအပ်ပါလိမ့်မယ်။ ဒါ့ကြောင့် သစ်သီးများကို ပွဲမစခင်ကတည်းက ရေခဲသေတ္တာရဲ့ Freezer ထဲမှာ ထည့်ထားလိုက်ပါ။ ပွဲစခါနီးမှ ထုတ်ကာ ပြင်ဆင်ထားရပါမယ်။

လိုက်ဖက်တဲ့ အမြည်းတွေအတွက်လည်း နေရာပေးထားပါ

သီးစုံကော့တေး ပါတီ

Photo: Aperolspritzsocials

ကော့တေးချည်းပဲဆို သောက်ရသူအဖို့လည်း ကြာလာရင် ငြီးငွေ့လာပါလိမ့်မယ်။ ဒါ့ကြောင့် ကော့တေးနဲ့ လိုက်ဖက်တဲ့ အမြည်းလေးတွေလည်း ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။ ကော့တေးလေး သောက်လိုက်၊ အမြည်းလေးစားလိုက်၊ စကားစမြည်လေး ပြောလိုက်ဖြင့် ပါတီပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ပါသေးတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်ဖို့ Photo Boot လေးလည်း ပြင်ဆင်ပေးထားမယ်ဆိုရင် သူငယ်ချင်းများနှင့်အတူတူ အမှတ်တရဓာတ်ပုံရိုက်နိုင်ပါသေးတယ်။

အိမ်ရဲ့အပြင်အဆင်ကို သီးစုံကော့တေး ပါတီ အပြင်အဆင်နဲ့ လိုက်ဖက်အောင် ပြုလုပ်ထားပါ

သီးစုံကော့တေး ပါတီ

Photo: Theeverygirl

ပါတီပွဲအတွက် မလိုအပ်တဲ့ ကစားစရာများ၊ ကျောင်းသုံးစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဖိနပ်စင် အစရှိသည်တို့ကို မြင်ကွင်းထဲကနေ ပျောက်သွားအောင် စတိုခန်းထဲမှာဖြစ်ဖြစ် သိမ်းထားလိုက်ပါ။ ပါတီပွဲဖြစ်တဲ့အတွက် ပါတီနဲ့ လိုက်ဖက်တဲ့ အပြင်အဆင်များကို သေသေချာချာ ပြင်ဆင်ထားသင့်ပါတယ်။ ပါတီနှင့် မအပ်စပ်တဲ့ အပြင်အဆင်များကိုတော့ ပါတီထဲကနေ ခဏလောက် ဖျောက်ထားလိုက်ပါ။

တီးလုံးများ၊ သီချင်းများဖြင့် မြူးမြူးကြွကြွနှင့် အသက်ဝင်အောင် ပြင်ဆင်ထားပါ

သီးစုံကော့တေး ပါတီ

Photo: Musictech

ပထမဦးဆုံး ဧည့်သည် မရောက်လာခင်ကတည်းက တေးသီချင်းများကို ဖွင့်ထားဖို့လိုအပ်ပါတယ်။ ဒါမှ သင့်ရဲ့ပါတီဧည့်ခန်းသည် တိတ်ဆိတ်ပြီး ပျင်းရိဖွယ်မကောင်းမှာဖြစ်ပါတယ်။ သီချင်းများ ရွေးချယ်တဲ့အခါမှာလည်း ပါတီနဲ့ လိုက်ဖက်ပြီး မြူးမြူးကြွကြွ သီဆိုကခုန်နိုင်တဲ့ သီချင်းများကို သေချာရွေးချယ်သင့်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့သူငယ်ချင်းဘော်ဒါတွေထဲမှာ DJ သမားတွေရှိရင်လည်း သူတို့ကို ပါတီပွဲသို့ ဖိတ်ပြီး DJ အဖြစ် ငှားရမ်းနိုင်ပါသေးတယ်။

သင့်အိမ်အတွင်းရှိ အခြားသောနေရာများအတွက်လည်း ကြိုတင်စဉ်းစားထားပါ

သီးစုံကော့တေး ပါတီ

Photo: Thespruce

ပါတီပွဲလာတဲ့သူတွေရဲ့ ကုတ်အင်္ကျီ ချိတ်ဖို့နေရာ၊ စလင်းဘတ်အိတ်များ ထားရမယ့်နေရာ၊ သူတို့ သန့်စင်ခန်း သုံးချင်တဲ့အခါမှာလည်း လိုအပ်တဲ့ ဆပ်ပြာ၊ အိမ်သာသုံးတစ်သျှူးကအစ အဆင်သင့်ထားပေးသင့်ပါတယ်။ ဒါမှ ပါတီလာရောက်သူများအနေနဲ့ ပါတီပွဲမှာ သက်သောင့်သက်သာနဲ့ ကောင်းကောင်းပျော်ပါးနိုင်မှာမဟုတ်လား။

အခုဖော်ပြသွားတဲ့ နည်းလမ်းကောင်းများကို ကွီးတို့အနေနဲ့ ဘယ်လိုထင်မြင်ယူဆမိပါသလဲ။ အခြားအကြံဉာဏ်ကောင်းများ ပေါ်လာခဲ့ရင်လည်း ပါတီချစ်သူများအတွက် ဝေမျှခဲ့နိုင်ပါတယ်။

Source: Thespruce

Featured Image: Thedrinksbusiness