ပါတီပွဲတစ်ခု ကျင်းပတဲ့အခါ ပျော်ရွှင်စရာကောင်းပြီး ဘေးကင်းမှုရှိဖို့က အဓိကအရေးကြီးဆုံး ဖြစ်ပါတယ်။ ပျော်ရွှင်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ ပါတီပွဲလေးဟာ အပျော်ကနေ အပျက်တွေ ဖြစ်လာမယ်ဆိုရင် ကွီးတို့အနေနဲ့ ရင်ဆိုင်ရမယ့် ပြဿနာတွေကလည်း အများကြီးရှိလာနိုင်ပါတယ်။ ဒါကြောင့် ပါတီ တစ်ခုကျင်းပတဲ့အခါ အန္တရာယ်ကင်းကင်း ၊ ပြဿနာနည်းနည်းနဲ့ ပျော်ရွှင်ဖွယ်ရာ ပါတီ ပွဲလေး တစ်ခုဖြစ်ဖို့ ကွီးတို့ ကြိုတင်သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဆိုရှယ်မီဒီယာပေါ်ကနေ ပါတီဖိတ်ကြားမှုကို ရှောင်ပါ

Photo : Beyond Boundaries Travel

ကွီးတို့အနေနဲ့ ခင်မင်ရတဲ့ သူငယ်ချင်း အသိမိတ်ဆွေတွေနဲ့ပဲ ပါတီ ကိုကျင်းပဖို့ တွေးထားတယ်ဆိုရင် ပါတီတက်ရောက်ဖို့ ဖိတ်ကြားတဲ့အခါ ဆိုရှယ်မီဒီယာပေါ်ကနေ Public နဲ့ ဖိတ်ကြားတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာ လူပေါင်းစုံရှိတဲ့အတွက် ကွီးတို့ရဲ့ ပါတီတဲ့ မသမာတဲ့လူတွေပါ ရောက်ရှိလာနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပါတီဖိတ်မယ့် ဧည့်သည်တွေကို ဖိတ်စာနဲ့ ဖိတ်ကြားတာ ၊ အီးမေးလ် သို့မဟုတ် ဖုန်းဆက်ပြီး အကြောင်းကြားတာကတော့ အလုပ်နည်းနည်းရှုပ်တယ်ထင်ရပေမယ့် အန္တရာယ်ကင်းမှုပိုရှိစေမှာ ဖြစ်ပါတယ်။

(၂) ပတ်ဝန်းကျင်ကို ကြိုတင်အသိပေးပါ

Photo : Campaign

ပါတီ ကျင်းပတဲ့အခါ အိမ်နီးနားချင်း ပတ်ဝန်းကျင်က လူတွေကိုလည်း ကြိုတင်အသိပေး အကြောင်းကြားထားဖို့ လိုပါတယ်။ ပါတီတစ်ခု ကျင်းပပြီဆိုကတည်းက အနည်းနဲ့အများ ဆူဆူညံ့ညံ့လေးတွေတော့ ရှိမှာပါ။ ဒီအတွက်လည်း ကွီးတို့က ပတ်ဝန်းကျင်အပေါ် လေးစားသမှုရှိတဲ့အနေနဲ့ ဘယ်နေ့ ဘယ်ရက်မှာတော့ ပါတီလုပ်မယ့်အကြောင်း ကြိုတင်အသိပေး အကြောင်းကြားထားသင့်ပါတယ်။ ဒါမှလည်း ပတ်ဝန်းကျင်နဲ့ ပြဿနာဖြစ်တာမျိုး မရှိမှာပါ။ ကိုယ့်ဘက်ကလည်း ပတ်ဝန်းကျင် မခံနိုင်လောက်တဲ့အထိ ဆူညံသောင်းကျန်းတဲ့ ပွဲမျိုးမဖြစ်စေဖို့ အတက်နိုင်ဆုံး ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

(၃) အလွန်အကျွံမသောက်ဖို့ တားမြစ်ပါ

Photo : Hitched

ပါတီမှာ သောက်ကြစားကြတဲ့အခါ အထိန်းအကွပ် ကန့်သတ်ချက်လေးနဲ့ သွားတာ အကောင်းဆုံးပါပဲ။ အလွန်အကျွံ အမူးအကွဲသောက်မယ်ဆိုရင် ကိုယ့်အတွက်လည်း အန္တရာယ်ရှိသလို ပါတီက တခြားသော မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း ထင်မှတ်မထားတဲ့ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာနိုင်‌ခြေ များပါတယ်။ ဒါကြောင့် အရက်နဲ့ အဖျော်ယမကာတွေကို အကန့်အသတ်လေးနဲ့ သောက်ပါ။ ကိုယ်တိုင်ရော ၊ ကိုယ့် မိတ်ဆွေသူငယ်ချင်းတွေကိုပါ အလွန်အကျွံမသောက်မိစေဖို့ သတိပေးတားမြစ်တာလေးတွေ လုပ်ဆောင်သင့်ပါတယ်။

(၄) ခိုက်ရန်ဖြစ်ပွားမှုမရှိအောင် ထိန်းသိမ်းပါ

Photo : Twitter

ပါတီရဲ့ ရည်ရွယ်ချက်ကိုက ဘော်ဒါတွေနဲ့ ပျော်စရာကောင်းတဲ့ အချိန်တစ်ခုကို အတူတူ ဖြတ်သန်းဖို့ ဖြစ်ပါတယ်။ ပါတီ မှာ ခိုက်ရန်ဖြစ်ပွားမယ်ဆိုရင် ပျော်စရာတွေကနေ စိတ်ညစ်စရာတွေ ဖြစ်လာမှာ သေချာပါတယ်။ ဒီလိုမဖြစ်ရအောင် တစ်ယောက်နဲ့ တစ်ယောက်အတက်နိုင်ဆုံး သည်းခံပြီး ပြဿနာမရှိအောင် ၊ ခိုက်ရန်ဖြစ်ပွားမှုမရှိအောင် ထိန်းသိမ်းသင့်ပါတယ်။ မတော်တဆ ပြဿနာတစ်စုံတစ်ရာရှိလာပါကလည်း သူငယ်ချင်းအားလုံး ဝိုင်းဝန်းဖြန်ဖြေပေးခြင်းနဲ့ပဲ ပါတီကို အပျော်ရွှင်ဆုံး ခရီးဆက်ဖို့ အကြံပေးချင်ပါတယ်။

(၅) အရက်မူးပြီး ကားမောင်းခြင်းကို အထူးရှောင်ကြဉ်ပါ


Photo : ROADS.sg

” မူးရင်မမောင်းနဲ့ ၊ မောင်းရင်မမူးနဲ့” ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း အန္တရာယ်ကင်းမှု အပြည့်အဝရှိစေဖို့အတွက် အရက်သောက်ပြီးချိန်မှာ ကိုယ်တိုင်ကားမမောင်းဖို့ အကြံပြုချင်ပါတယ်။ ပါတီ ကအပြန် ဟန်ပျက်နေတယ်ဆိုရင် မိသားစုဝင် သို့မဟုတ် စိတ်ချရတဲ့ တစ်စုံတစ်ယောက်ကို လာကြိုခိုင်းတာ ၊ တက်စီနဲ့ ပြန်တာမျိုးလုပ်ပါ။ မဖြစ်မနေ ကားမောင်းဖို့လိုတယ်ဆိုရင်လည်း အလွန်အကျွံ မူးအောင်မသောက်ဖို့ မှာချင်ပါတယ်။

Featured Photo : The Independent