ထိုင်း အစားအစာများကို ကြိုက်နှစ်သက်ကြတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရန်ကုန် မြို့တွင်းရှိ အရသာထူးကဲကောင်းမွန်တဲ့ စားသောက် ဆိုင် များအကြောင်း ဝေမျှပေးချင်ပါတယ်။
ကွီးလည်း အခုဖော်ပြပေးသွားမယ့် ထိုင်း အစားအစာများ မြည်းစမ်းနိုင်တဲ့ ရန်ကုန် မြို့တွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်ဆိုင်ကို တစ်ခါလောက်သွားရောက်မြည်းစမ်းကြည့်လိုက်တာနဲ့ ထပ်ခါထပ်ခါ သွားစားချင်နေမှာ အမှန်ပါပဲ။
Green Gallery
Photo: Tripadvisor
ဒီဆိုင်လေးကတော့ ထိုင်းအစားအစာတွေအပြင် အခြားသောအာရှအစားအစာများကိုလည်း မြည်းစမ်းစားသုံးကြည့်နိုင်ပါတယ်။ သားသတ်လွတ်သမားများအတွက်လည်း အခြားသောသီးသန့်ဟင်းလျာများ ပြင်ဆင်ပေးထားတာကတော့ သူ့ရဲ့အားသာချက်ပါပဲ။
ဒီဆိုင်လေးကတော့ ၅၂ လမ်း အောက်ဘလောက်မှာ ဖွင့်လှစ်ထားတဲ့ ရန်ကုန် မြို့တွင်းရှိ အကောင်းဆုံး ထိုင်း စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၂ နာရီကနေ မွန်းလွဲ ၃ နာရီမှာ တစ်ကြိမ်၊ ညနေ ၆ နာရီကနေ ည ၉ နာရီအထိ တစ်ကြိမ် ဖွင့်လှစ်ပါတယ်။
Monsoon Restaurant
Photo: Mingalago
ဒီစားသောက်ဆိုင်လေးကတော့ သိမ်ဖြူလမ်းနှင့် ဗိုလ်တစ်ထောင်လမ်းကြားမှာ တည်ရှိတာဖြစ်ပါတယ်။ နေ့လည်စာနှင့် ညစာကို အဓိကထား စားသုံးနိုင်ပါတယ်။ ထိုင်းစာများအပြင် ရိုးရာမြန်မာအစားအစာများ၊ အခြားသောအာရှအစားအစာများကိုလည်း စားသုံးနိုင်တဲ့အတွက်ကြောင့် အစားအသောက်ချစ်သူများအကြား နာမည်ကြီးတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ သူသည်လည်း သားသတ်လွတ်သမားများအတွက် သင့်တော်တဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။
Royal Jasmine Authentic Thai Cuisine
Photo: Tripadvisor
ဒီဆိုင်လေးရဲ့အပြင်အဆင်ကတော့ မျက်လုံးအေးပြီး စိတ်အေးချမ်းသာစွာနဲ့ ထိုင်လို့ရတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ ဒိုင်းမွန်းကွန်ဒို၊ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်တွေကတော့ နံနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။ Foodies တွေ တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ရန်ကုန် မြို့တွင်းရှိ ထိုင်း စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။
Mai Thai
Photo: Myanmaryp
နောက်ထပ် ထိုင်းဆိုင်ကောင်းကောင်းလေး တစ်ဆိုင်ကို ညွှန်းပေးရမယ်ဆိုရင်တော့ Mai Thai ကို ညွှန်းပါရစေ။ ချဉ်ချဉ်စပ်စပ်ဟင်းလျာများကို အမယ်စုံအောင် မြည်းစမ်းနိုင်ပြီး အရံဟင်းလျာများလည်း အများအပြား ချပေးလေ့ရှိပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ တည်နေရာကတော့ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ရုံးဆင်းတဲ့အချိန်မှာ မိုးဖွဲဖွဲလေး ကျနေမယ်ဆိုရင်တော့ ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းတဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။
THAI 47 – Downtown Branch
Photo: Myanmore
ဒီဆိုင်က ထိုင်းစာတွေကို စားမိလိုက်တာနဲ့ ဆွေမျိုးမေ့သွားလောက်တဲ့ထိ အရသာ ကောင်းလွန်းလှပါတယ်။ ထိုင်းစာကို အဓိကထား ရောင်းချတာဖြစ်ပြီး ဈေးနှုန်းတွေကတော့ ၄ ဒေါ်လာကနေ ၁၇ ဒေါ်လာအထိ အစားစားရှိပါတယ်။ တည်နေရာကတော့ ၄၇ လမ်းနှင့် အနော်ရထာလမ်းထောင့်မှာ တည်ရှိပါတယ်။
Bangkok Kitchen
Photo: Tripadvisor
Bangkok Kitchen ရဲ့ ဆိုင်အပြင်အဆင်လေးကတော့ ထိုင်းရိုးရာဆန်ဆန်ပြင်ဆင်ထားတာဖြစ်ပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ အပြင်အဆင်များအပြင် ဆိုင်ရဲ့အစားအသောက်တွေကလည်း အရသာထူးကဲကောင်းမွန်လှပါတယ်။ ထိုင်းအစားအစာများအပြင် အာရှအစားအစာများ၊ သားသတ်လွတ်ဟင်းလျာများကိုလည်း မှာယူစားသောက်နိုင်ပါတယ်။
ထိုင်းအစာအစာချစ်သူများအနေနဲ့ အခုဖော်ပြပေးသွားတဲ့ ထိုင်းဆိုင်တွေထဲက ဘယ်နှဆိုင်လောက် သွားထိုင်ဖူးပါသလဲ။
Source: Tripadvisor
Featured Image: Manofmany