ပါတီ ဆိုတာ အသက်အရွယ်မရွေး လူတိုင်းပျော်လို့ရတဲ့ ပွဲအခမ်းအနား တစ်ခုပါ။ ဒါပေမယ့် ပါတီ ပွဲတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ ဆယ်ကျော် သက် လူငယ်တွေအနေနဲ့တော့ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ ဆယ်ကျော်သက် အရွယ်ဆိုတာ စိတ်မြန်လက်မြန်ရှိပြီး အခြေအနေတိုင်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း နည်းတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာစေဖို့နဲ့ ဘေးအန္တရာယ်ကင်းစေဖို့ ပါတီ တက်မယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေ သိထားဖို့ လိုပါမယ်။
(၁) သူငယ်ချင်း အဖော်နဲ့ သွားပါ
Photo : Westgate Resorts
ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ပါတီကို တစ်ယောက်တည်းသွားတာထက် ယုံကြည်ရတဲ့ သူငယ်ချင်းအဖော်နဲ့ သွားတာက ပိုပြီးကောင်းပါတယ်။ အဖော်ပါတဲ့အတွက် ဘာပဲဖြစ်ဖြစ် ပါတီမှာ တစ်ယောက်တည်း ငေါင်မနေတော့ပဲ တိုင်ပင်ဖော်တိုင်ပင်ဖက် ၊ ကဲဖော်ကဲဖက်လည်း ရပါတယ်။ ဒါကြောင့် အနည်းဆုံး ခင်မင်ရင်းနှီးပြီး တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတဲ့ သူငယ်ချင်းအဖော် ၂ / ၃ ယောက်လောက်နဲ့မှ ပါတီသွားပါ။
(၂) အုပ်ထိန်းသူတွေကို ခွင့်တောင်းပါ
Photo : VisitCopenhagen
ပါတီတက်မယ်ဆိုရင် အိမ်ကအုပ်ထိန်းသူတွေကို အသိပေးခွင့်တောင်းပြီးမှ သွားသင့်ပါတယ်။ အိမ်ကလူကြီးတစ်ယောက်ယောက်ကို အကြိုအပို့လုပ်ခိုင်းပါ။ ဒါဟာ ဆယ်ကျော်သက် လူငယ်တွေအတွက် သိပ်ပြီး လွတ်လပ်မှုမရှိဘူးထင်ရပေမယ့် အန္တရာယ်ကင်းမှုပိုင်းမှာတော့ ပိုပြီး လုံခြုံစိတ်ချမှု အပြည့်ရှိစေမှာ ဖြစ်ပါတယ်။
(၃) အရက်နဲ့ မူးယစ်ဆေးဝါးတွေ ရှောင်ပါ
Photo : Nglish
အသက် ၁၈ နှစ်မပြည့်သေးခင်မှာ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို လုံးဝမလုပ်တာ ကောင်းပါတယ်။ ပါတီမှာ သူငယ်ချင်းအပေါင်းအသင်းတွေ ၊ ဂီတသံစဉ်တွေနဲ့ စိတ်လွတ်လက်လွတ် ပျော်လို့ရပါတယ်။ ဒါပေမယ့် အရက်နဲ့ မူးယစ်ဆေးဝါးတွေ ရောယှက်လာမယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
(၄) ပျော်ပါ အပျက်မဖြစ်ပါစေနဲ့
Photo : New York Daily News
ပါတီမှာ စိတ်လက်ပေါ့ပါးစွာ ပျော်ပါးလို့ ရပါတယ်။ စိတ်လွတ်လက်လွတ် ကခုန်လို့ ရပါတယ်။ ဒါပေမယ့် အပျော်ကနေ အပျက်မဖြစ်စေဖို့ သည်းခံစိတ်လေးကိုလည်း နှလုံးသွင်းထားရပါမယ်။ ပါတီမှာ တွန်းတိုက်မိတာ ၊ မတော်တဆ ထိခိုက်မိတာတွေ ကနေတဆင့် ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်တက်တာကြောင့် တော်ရုံ မတော်တဆအခြေအနေ တွေဆိုရင် သည်းခံစိတ်လေး ထားလိုက်ပါ။ ပါတီရဲ့ ရည်ရွယ်ချက်က ပျော်ဖို့ဖြစ်တဲ့အတွက် စိတ်လိုက်မာန်ပါ ခိုက်ရန်ဖြစ်ပွားပြီး အပျော်တွေမပျက်စီးပါစေနဲ့။
Featured Photo : The Fox Hotel