ကွီးတို့ရေ အခုလို ဆောင်းရာသီမှာ တုတ်ကွေးနဲ့ အအေးမိရောဂါတွေက အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် အအေးမိခြင်း၊ အပူရှပ်ပြီး ဖျားနာခြင်း စသည်တို့ ဖြစ်ပွားတတ်ပါတယ်။ ဖျားနာခြင်းကြောင့် ကွီးတို့လုပ်ငန်းဆောင်တာတွေ၊ တာဝန်ဝတ္တရားတွေ လစ်ဟင်းနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိ ဖျားနာခြင်းကို ကာကွယ်နိုင်ဖို့ လိုက်နာရမဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီအချက်လေးတွေက COVID-19 ကပ်ရောဂါကိုလည်း အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

လက်များကို သန့်ရှင်းအောင် ထားပါ

ဆောင်းရာသီမှာ ဖျားနာခြင်းကို

Photo : Yale Medicine

အအေးမိခြင်းနဲ့ တုတ်ကွေးရောဂါတို့က သူတစ်ပါး နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည်တို့က ထွက်လာသော ရောဂါပိုးများကို ထိတွေ့ကိုင်တွယ်မိခြင်းကြောင့် ဖြစ်ပွားနိုင်ခြေ အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ အနေနဲ့ လူအများနဲ့ ဆက်ဆံရတဲ့ နေရာတွေမှာ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းလက်ဆေးပါ။ လက်ဆေးခြင်းက COVID-19 ကြောင့် ကွီးတို့တော်တော်များများ အကျင့်ရနေမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် အစာမစားမီနှင့် အပြင်မှ အိမ်ပြန်ရောက်သည့်အခါ လက်ကို စက္ကန့် ၂၀ ခန့်သေချာ ဆေးကြောပေးဖို့ လိုပါတယ်။ လက်ဆေးခြင်းက COVID-19 နဲ့ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိ ဖျားနာခြင်းကို ကာကွယ်နိုင်ဖို့ အခြေခံ အကျဆုံးဖြစ်ပါတယ်။

အာဟာရ ပြည့်ဝတဲ့ အစာများကို စားပါ

ဆောင်းရာသီမှာ ဖျားနာခြင်းကို

Photo : Meetup

ကောင်းမွန်မျှသော အာဟာရပြည့်ဝတဲ့ အစားအစာများကို စားခြင်းက ကွီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ အလုပ်များတဲ့ ကွီးတို့က တစ်ခါတစ်လေကျရင် နေ့လည်စာ စားဖို့ အချိန်မမှီတာမျိုး၊ အသင့်စား အစားအစာများကို အမြဲလိုလို စားမိတာမျိုးကို ရှောင်ကြဉ်ရပါမယ်။ အာဟာရပြည့်ပြည့်ဝဝ မစားသုံးရင် ဘယ်လို ရာသီပဲ ဖြစ်ဖြစ် အအေးမိဖျားနာခြင်းများ၊ တုတ်ကွေးများ လွယ်လွယ်ကူကူ ဖြစ်ပွားနိုင်ပါတယ်။ အစိမ်းရင့်ရောင်၊ အနီရောင်၊ အဝါရောင် အသီးအနှံတွေနဲ့ သစ်သီဝလံများကိုများများစားသုံးပေးခြင်းကလည်း ကွီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။

အတတ်နိုင်ဆုံး စိတ်ဖိစီးမှုကင်းအောင်နေပါ

ဆောင်းရာသီမှာ ဖျားနာခြင်းကို

Photo :The Manual

လူကြီး၊ လူငယ်မရွေး စိတ်ဖိစီးမှုများကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုကြောင့် အခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများအပြင် ခန္ဓကိုယ်ရဲ့ ခုခံအားစနစ်ကို ထိခိုက်စေတယ်ပါတယ်။ ခုခံအားစနစ် ကောင်းမွန်မှုမရှိခြင်းက ရာသီအလိုက် ဖြစ်ပွားတတ်သော ဖျားနာခြင်းများအပြင် အခြားသော ရောဂါများလည်း အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် တရားထိုင်ခြင်း၊ စာအုပ်ဖတ်ခြင်း သို့မဟုတ် တေးဂီတ နားထောင်ခြင်းစတာတွေကို စိတ်ဖိစီးမှု လျော့ချဖို့အတွက် အချိန်ပေးပြီးပြုလုပ်ပါ။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

ဆောင်းရာသီမှာ ဖျားနာခြင်းကို

Photo : The list

လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ အခြားသော ကိုယ်လက်လေ့ကျင့်ခန်းများနဲ့ အေးရိုးဗစ်ကဲ့သို့သော လေ့ကျင့်ခန်းများ ပုံမှန် လုပ်ပေးခြင်းက ကွီးတို့ နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။ ထို့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေသောကြောင့် အအေးမိဖျားနာဖြစ်ခြင်းကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။ တစ်နေ့ကို အနည်းဆုံး နာရီဝက် သို့မဟုတ် တစ်နာရီခန့် အချိန်ပေးပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။

ပြည့်ပြည့် ဝဝ အိပ်စက်အနားယူပါ

Sleep

Photo : Sleep Score

ခန္ဒာကိုယ် ကျန်းမာကြံ့ခိုင်ဖို့နဲ့ ကိုယ်ခံအားစနစ်အတွက် လူတစ်ယောက်ဟာ ပြည့်ပြည့် ဝဝ အိပ်စက်အနားယူဖို့ လိုပါတယ်။ ကွီးတို့ ခန္ဓာကိုယ် မှာရှိတဲ့ ပိုမွှားတွေကို ကာကွယ်ပေးတဲ့ စနစ်ဟာ ပြည့်ပြည့်ဝဝ အနားယူခြင်းကြောင့် ကောင်းမွန်လာပါလိမ့်မယ်။ အနားယူခြင်းကြောင့် စိတ်ဖိစီးမှုတွေပြေလျော့သွားပြီး ကိုယ်ခံအားစနစ်ကို ပြန်လည်တိုးတတ်ကောင်းမွန်လာတယ်လို့ အထောက်အထားတွေအရဆိုပါတယ်။ အရွယ်ရောက် ပြီးသူတစ်ယောက်အတွက် တစ်ညလျှင် ခုနစ်နာရီမှ ရှစ်နာရီအထိ အိပ်စက်ရန် လိုအပ်ပါတယ်။

ကြိုတင်ကာကွယ်ပါ

injection

Photo : RACGP

ကွီးတို့ရေ ဆောင်းရာသီမှာ ဖြစ်ပွားတတ်တဲ့ တုတ်ကွေးရောဂါများကို ကြိုတင်ကာကွယ်ဆေးထိုး ခြင်းဖြင့်လည်း ကြိုတင်ကာကွယ်လို့ရပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီး ထိရောက်ပါတယ်။ ဒါ့ကြောင့် ဘယ်ရောဂါမဆို မဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အစားအသောက် ၊ အနေအထိုင်ကို သတိပြုဖို့လိုပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိ ဖျားနာခြင်းကို ကာကွယ်နိုင်ဖို့ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို လိုက်နာခြင်းဖြင့် ကျန်းမာသော နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Source : Lureal Pediatric

Featured Photo : Common