ဒီဇင်ဘာလဟာ ခရစ္စမတ်အကြို ပါတီ ၊ ခရစ္စမတ်ပါတီနဲ့ New Year ပါတီတွေလို ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ လတစ်လ ဖြစ်ပါတယ်။ ဆောင်းရာသီရဲ့ ပထမဆုံးလတစ်လလည်းဖြစ်သလို ရာသီဥတု သာယာအေးချမ်းတဲ့အတွက် ပါတီပွဲတွေ ဆင်နွဲလို့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခရစ္စမတ်ပါတီ ၊ New Year ပါတီတွေအပြင် ဒီဇင်ဘာလ ထဲမှာ ကျင်းပနိုင်မယ့် အလိုက်ဖက်ဆုံး ပါတီ အိုင်ဒီယာ လေးတွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) အချိန်ခရီးသွား ပါတီ

Photo : Daily Express

အနောက်နိုင်ငံတွေမှာတော့ ဒီဇင်ဘာလ ၈ ရက်နေ့ကို Time Traveller Day အဖြစ် သတ်မှတ်ကျင်းပလေ့ ရှိပါတယ်။ အဲ့ဒီနေ့မှာ ထူးခြားတဲ့ ဝတ်စုံဒီဇိုင်းတွေ ဝတ်ဆင်ပြီး မိမိကိုယ်ကို အချိန်ခရီးသွားအဖြစ် သရုပ်ဖော်ကာ Time Travel ပါတီကို ကျင်းပကြပါတယ်။ အချိန်ခရီးသွား ပါတီဟာ New Year ပါတီနဲ့လည်း ဆက်စပ်နေပြီး ပါတီ အပြင်အဆင်ကို ခေတ်ဟောင်းနာရီတွေ ၊ လက်ရှိအချိန်နဲ့ ကွဲပြားခြားနားတဲ့ ဒီဇိုင်းတွေ ပြင်ဆင်ပြီး အစားအသောက်တွေ တည်ခင်းရင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျင်းပနိုင်ပါတယ်။ Back to the Future ၊ Bill & Ted’s Excellent Adventure နဲ့ Dr Who တို့လို ဇာတ်ကားတွေကနေလည်း ပါတီအပြင်အဆင်တွေကို ကိုးကားလို့ရပါတယ်။

(၂) လက်ဆောင်ပါတီ

Photo : Nolisoli

ဒီပါတီပွဲလေးကတော့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေ ၊ သူငယ်ချင်းအပေါင်းအသင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း အပြန်အလှန် လက်ဆောင်ပေးကြတဲ့ ချစ်စရာပါတီလေး ဖြစ်ပါတယ်။ လက်ဆောင်ပါတီလေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပရမှာ ဖြစ်ပါတယ်။ အိမ်လုပ်မုန့်လေးတွေ အတူတကွ စားသောက်ကြရင်း ၊ အချင်းချင်း လက်ဆောင်လေးတွေ ဖလှယ်ကာ ဂိမ်းလေးတွေ ဆော့ကစားပြီး ပါတီကို ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ရပါတယ်။

(၃) Sangria ပါတီ

Photo : Sosy.co

ဒီဇင်ဘာလ ၂၀ ရက်နေ့ဟာ Sangria Day ဖြစ်ပါတယ်။ ဒီနေ့လေးမှာ Sangria ပါတီ ပွဲလေး ကျင်းပလေ့ ရှိကြပါတယ်။ Sangria ပါတီကတော့ ဒီဇင်ဘာလရဲ့ အထင်ကရ ပါတီအိုင်ဒီယာတွေထဲက တစ်ခုဖြစ်ပြီး အိမ်မှာပဲ ကိုယ်တိုင် Sangria ကော့လ်တေးဖျော်စပ်ပြီး မက္ကဆီကန် အစားအစာတချို့နဲ့ တွဲဖက်တည်ခင်းကာ မိသားစုတွေ ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းလေ့ ရှိကြတာ ဖြစ်ပါတယ်။

(၄) Board Game ပါတီ

Photo : GameSpot

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ Games Day မှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး Board Game ပါတီပွဲလေး ဆင်နွဲလို့ ရပါတယ်။ Board Game ပါတီ လေးကတော့ တစ်ယောက်နဲ့တစ်ယောက်ကြား ခင်မင်ရင်းနှီးမှု တိုးစေမယ့် ပျော်ရွှင်ဖွယ်ရာ ပါတီအိုင်ဒီယာလေးတစ်ခု ဖြစ်ပါတယ်။ Monopoly ၊ Scrabble ၊ Carcassonne တို့အပါအဝင် လူများများနဲ့ ပျော်ပျော်ပါးပါး ဆော့လို့ရမယ့် Board Games တွေအများကြီးရှိတဲ့အတွက် နှစ်သက်ရာကို ဂိမ်းလေးတွေကို ရွေးချယ်ဆော့ကစားနိုင်ပါတယ်။

(၅) ရှန်ပိန်ပါတီ

Photo : Picjumbo

ဒီဇင်ဘာလ ၃၁ ရက်နေ့ဟာ Champagne Day ဖြစ်ပါတယ်။ ရှန်ပိန်ချစ်သူတွေအတွက်တော့ အကောင်းစားရှန်ပိန်အမျိုးအစားတွေကို တည်ခင်းရင်း ပါတီပွဲလေးကို စမတ်ကျကျနဲ့ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ရပါတယ်။ ဆောင်းရဲ့အငွေ့အသက်တွေနဲ့ ခမ်းနားပြည့်စုံတဲ့ ရှန်ပိန်ပါတီပွဲလေးကို ညနေခင်းနေဝင်ဆည်းဆာအချိန်လေးမှာ ကျင်းပလို့ အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။

Featured Photo : The Baltimore Times