ဆောင်းရဲ့ အငွေ့အသက်တွေကို စတင်ခံစားလာရပြီဖြစ်တဲ့ နိုဝင်ဘာလ ဟာ ပါတီ ပွဲတွေ ကျင်းပဖို့ အကောင်းဆုံး လတစ်လလို့ပြောရင် မမှားနိုင်ပါဘူး။ ရာသီဥတု အေးစိမ့်စိမ့်နဲ့ သာယာလှပတဲ့ နိုဝင်ဘာလလေးမှာ ကျေးဇူးတော်နေ့ အထိမ်းအမှတ် ပါတီပွဲလေးတွေ ကျင်းပကြသလို ခရစ္စမတ် အားလပ်ရက်အကြို ပါတီပွဲလေးတွေကိုလည်း ချစ်ခင်ရတဲ့ မိသားစု ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အတူတူ ကျင်းပလေ့ရှိကြပါတယ်။ ကဲဒါဆို ရာသီဥတုသာယာတဲ့ အခုလို အချိန်အခါလေးမှာ ပါတီပွဲလေးတွေ ကျင်းပဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် နိုဝင်ဘာလနဲ့ အလိုက်ဖက်ဆုံး ပါတီ အိုင်ဒီယာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Happy Hour Cocktail ပါတီ

Photo : The Washington Post

နိုဝင်ဘာလ ၁၂ ရက်နေ့ဟာ National Happy Hour Day ဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ Happy Hour Cocktail ပါတီကို ကျင်းပလေ့ရှိပါတယ်။ Happy Hour Cocktail ပါတီကတော့ အရွယ်ရောက်ပြီးသား လူငယ်/ လူလတ်ပိုင်းတွေအတွက် ဖြစ်ပါတယ်။ မိမိတို့ နှစ်သက်ရာ အဖျော်ယမကာတွေကို ယူလာပြီး အိမ်မှာပဲ DIY Bar လေးတစ်ခု ဖန်တီးကာ ချစ်ခင်ရတဲ့ ဘော်ဒါအပေါင်းအသင်းတွေနဲ့ အတူတူ အရသာရှိတဲ့ Cocktail ဖျော်ရည်တွေကို တည်ခင်းရတာ ဖြစ်ပါတယ်။

(၂) Monopoly ပါတီ

Photo : Pinterest

နှစ်စဉ် နိုဝင်ဘာလ ၁၉ ရက်နေ့ကို Monopoly Day အဖြစ် သတ်မှတ်ထားပါတယ်။ Monopoly Day မှာ ငယ်ဘဝကို အမှတ်ရစေမယ့် Monopoly ပါတီပွဲလေး ကျင်းပဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ ပါတီ Theme လေးကို Monopoly ကစားနည်း ထဲကအတိုင်း မြို့နာမည်တွေ ၊ အံ့စာတုံးတွေ ၊ Monopoly ဂိမ်းထဲမှာပါတဲ့ အကျဉ်းထောင်ပုံ Photo Booth လေးတွေ ပြင်ဆင်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျင်းပလို့ ရပါတယ်။

(၃) Thanksgiving ပါတီ

Photo : Eat This, Not That

Thanksgiving ပါတီ ကတော့ အားလုံးသိကြတဲ့ ကျေးဇူးတော်နေ့ အထိမ်းအမှတ် အားလပ်ရက် ပါတီပွဲလေး ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံတွေမှာတော့ မိသားစုဝင်တွေ ၊ ခင်မင်ရတဲ့ ဆွေမျိုးမိတ်ဆွေတွေနဲ့အတူ အရသာရှိတဲ့ အစားအသောက်တွေ တည်ခင်းပြီး ကျေးဇူးတော်နေ့ ပါတီကို ပျော်ပျော်ပါးပါး ဖြတ်သန်းလေ့ ရှိကြပါတယ်။ Thanksgiving ပါတီကို နိုဝင်ဘာလ နောက်ဆုံးပတ် ကြာသပတေးနေ့မှာ ကျင်းပကြပြီး ပါတီမှာ အဓိကဟင်းလျာအဖြစ် ကြက်ဆင်သားနဲ့ ဟင်းသီးဟင်းရွက်ဟင်းလျာတွေကို ထည့်သွင်းစားသောက်လေ့ ရှိပါတယ်။

(၄) Dinosaur ပါတီ

Photo : Kara’s Party Ideas

Dinosaur ပါတီကတော့ နိုဝင်ဘာလ တစ်လလုံး ကြိုက်တဲ့အချိန် ကျင်းပနိုင်မယ့် ပျော်ရွှင်စရာ ပါတီအိုင်ဒီယာလေးတစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် ကလေးတွေအတွက် ပြုလုပ်ပေးရတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။ ပါတီ တစ်ခုလုံးကို ဒိုင်နိုဆော ပူဖောင်းတွေ ၊ အရုပ်လေးတွေနဲ့ ပြင်ဆင်ရမှာပါ။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ချစ်ရတဲ့ သားသားမီးမီးလေးတွေ ၊ တူ/တူမလေးတွေအတွက် Dinosaur ပါတီလေးကို နိုဝင်ဘာလထဲမှာ ကျင်းပပေးနိုင်ပါတယ်။

(၅) Christmas အကြိုပါတီ

Photo : The Casa Hotel

နိုဝင်ဘာလ အကုန်မှာ Christmas အကြို ပါတီပွဲလေးကို ကျင်းပလေ့ ရှိကြပါတယ်။ Christmas အငွေ့အသက်တွေနဲ့ ပါတီ ပွဲလေးကို ပြင်ဆင်ပြီး အရသာရှိတဲ့ အစားအသောက်တွေ ၊ အဖျော်ယမကာတွေ တည်ခင်းပြီး ချစ်ခင်ရတဲ့ ဘော်ဒါအပေါင်းအသင်းတွေနဲ့ အတူတူ ဖြတ်သန်းလို့ ရပါတယ်။ Christmas အကြိုပါတီပွဲလေးမှာ Christmas နဲ့လိုက်ဖက်တဲ့ သီချင်းလေးတွေ ၊ ဂိမ်းအစီအစဉ်လေးတွေနဲ့ အချင်းချင်း လက်ဆောင်ဖလှယ်တဲ့ အမှတ်တရဖြစ်ဖွယ်ရာ အစီအစဉ်လေးတွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။

Featured Photo : Palm Springs