မကြာခင် New Year ရောက်တော့မှာဆိုတော့ နေပြည်တော် ဘက်ခရီးထွက်ကြမယ့် ကွီးတို့အတွက် သေချာပေါက် သွားထိုင်ကြည့်သင့်တဲ့ အလန်းတက အလန်းဆုံး Bar လေးတွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။ နေပြည်တော်နယ်ခံ ဘော်ဒါတို့လည်း လကုန်ရက်လေးမှာ အေးဆေး Chill ချင်တယ်ဆိုရင် အခုပြောပြမယ် ဆိုင်လေးကို သွားရောက်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၁) LEO Cafe & Bar

Photo : LEO Cafe & Bar

လူငယ်ဆန်ဆန် အမိုက်စား DJ တွေနဲ့ လွင့်မျောချင်တဲ့ ကွီးတို့အတွက်ကတော့ LEO Cafe & Bar ဆိုတဲ့ဆိုင်လေး ရှိပါတယ်။ ဒီဆိုင်လေးမှာက အေးအေးဆေးဆေး သူငယ်ချင်းတွေနဲ့ Chill Out လုပ်မလား ၊ ချစ်သူလေးနဲ့ နှစ်ယောက်တည်း ဒိတ်လုပ်မလား လုံးဝအဆင်ပြေတယ်။ Indoor မှာ Aircon အေးအေးလေးနဲ့ Unplugged Band သီချင်း အဆွေးလေးတွေ နားဆင်မလား ၊ ဒါမဟုတ် DJ နတ်မိမယ်လေးရဲ့ အလန်းစား မြူးကြွတဲ့သံစဉ်တွေကြား လွင့်မျောမလား ကွီးတို့စိတ်ကြိုက်ပါပဲ။ Outdoor အရသာကိုမှ ခံစားရင်း လေညင်းခံချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက်ကလည်း Rooftop လေးမှာ သက်တောင့်သက်သာ ထိုင်လို့ရမယ့် Table လေးတွေ ပြင်ဆင်ထားပေးတယ်။

အစားအသောက်ပိုင်းမှာ ဆိုရင်လည်း အရသာရှိတဲ့ Special Menu တွေ ၊ ပေါ့ပေါ့ပါးပါး မြည်းလို့ရမယ့် အကြော်အလှော် ဟင်းပွဲတွေ ၊ လျှာလည်သွားစေမယ့် အသုပ်ဟင်းလျာတွေ ရွေးချယ်စရာ တော်တော်စုံတယ်။ သောက်စရာထဲမှာတော့ အပြင်းအပျော့ ၊ ဘီယာ ၊ ဝီစကီ ၊ ကော့လ်တေး ရွေးချယ်စရာတွေ အစုံပဲမလို့ အသောက်တလိုင်း ကွီးတို့ စိတ်ကြိုက်သောက် စိတ်ကြိုက် Chill ရုံပါပဲ။ Unplugged နဲ့ DJ အမိုက်စား ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ အစားအသောက်တွေလည်းစုံပြီး Chill လို့ကောင်းတဲ့ LEO Cafe & Bar လေးကတော့ Bar ကောင်းကောင်း ထိုင်ချင်တဲ့ ကွီးတို့အတွက် သေချာပေါက် အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် S-195 ၊ ဧရာဝတီလမ်းနဲ့ ရွှေသစ္စာလမ်း ၊ ကျောက်စိမ်းပြတိုက်ရှေ့၊ သပြေကုန်းရပ်ကွက် ၊ နေပြည်တော် မြို့ဖြစ်ပါတယ်။

(၂) Wooden House Bar & B.B.Q

Photo : Wooden House Bar & B.B.Q

ဒီဆိုင်လေးကတော့ ဒီဇင်ဘာလထဲကမှ အသစ်ဖွင့်လိုက်တဲ့ အသစ်စက်စက် အမိုက်စား ဆိုင်သစ်လေးပါ။ ဆိုင်က တော်တော်လေးကို ကြီးကျယ်ခမ်းနားပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ ဆိုင်အပြင်အဆင် နေရာထိုင်ခင်းတွေက လုံးဝ Classic ဆန်တဲ့ Vibe လေးကို ခံစားရစေမှာ ဖြစ်ပါတယ်။ ခြံဝန်းထဲက Open Space လေးမှာပဲ လွတ်လွတ်လပ်လပ် Chill မလား ၊ ရှေးခေတ်နန်းဆောင်တွေလို ပြင်ဆင်ထားတဲ့ ခြေတံရှည် Wooden House တွေပေါ်မှာပဲ Chill မလား ကွီးတို့ စိတ်ကြိုက်ရွေးချယ်လို့ ရတယ်။

အရသာရှိတဲ့ အစားအသောက်တွေ ၊ ​BBQ အကင်တွေနဲ့ စုံလင်တဲ့ ဟင်းပွဲအမျိုးအစားတွေ ရွေးချယ်စရာအများကြီးရှိသလို ဘီယာ ၊ ကော့လ်တေး အပြင် တခြားသောက်စရာ Drinks တွေနဲ့ Shisha တွေလည်း Flavour အစုံရတယ်။ ဒီဆိုင်မှာက ညနေခင်းပဲ Chill လို့ရတာ မဟုတ်ပါဘူး မနက်ခင်းမှာလည်း မိသားစုနဲ့အတူ အရသာရှိရှိသုံးဆောင်လို့ရမယ့် ရှမ်းပြည်ရိုးရာ နံနက်စာခင်းအစားအစာတွေကိုလည်း မနက် ၇ နာရီကနေ ၁၁ နာရီအထိ ရောင်းချပေးပါတယ်။ ဆိုင်လိပ်စာကတော့ ခရေလမ်း (ဇဝန စားသောက်ဆိုင်လမ်းပေါ်) ၊ ရာဇဌာနီလမ်းမကြီး ၊ နှင်းဆီပန်းဝိုင်းအနီး ၊ အောင်သာယာရပ်ကွက် ၊ နေပြည်တော် မြို့ဖြစ်ပါတယ်။

(၃) Peacock Rooftop Cafe & Bar

Photo : Peacock Rooftop Cafe & Bar

Rooftop ကြိုက်တဲ့ ကွီးတို့အတွက်လာပါပြီ။ ဒီဆိုင်လေးကတော့ Peacock Rooftop Cafe & Bar လို့ခေါ်ပါတယ်။ ညနေခင်းအချိန်တွေမှာ လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေး လေညှင်းလေးခံရင်း Relax လုပ်ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက လုံးဝအဆင်ပြေပါတယ်။ Indoor ၊ Outdoor ထိုင်စရာ Table ဝိုင်းတွေ အများကြီး စီစဉ်ပေးထားပြီး သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်အပြင်အဆင်လေးတွေက တကယ့်ကိုပဲ စိတ်လက်ပေါ့ပါးမှုအပြည်နဲ့ Chill Vibe လေးကို ခံစားရစေမှာ ဖြစ်ပါတယ်။

တစ်ပတ်နဲ့တစ်ပတ် မတူညီတဲ့ Special Menu တွေ ၊ အရသာရှိတဲ့ ဟင်းပွဲတွေအပြင် သောက်စရာ Drinks တွေလည်း အစုံလင်ရတော့ အစားအသောက်ချစ်တဲ့ Foodies တွေ အကြိုက်ပါပဲ။ သောကြာ ၊ စနေနဲ့ တနင်္ဂနွေ နေ့တိုင်းမှာလည်း Ladies’ Night နဲ့ Unplugged ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်းရှိသေးတာမို့ သံစဉ်တွေကြားစီးမျောရင်း တစ်နေ့တာပင်ပန်းမှုတွေကို ဖြေဖျောက်လို့ရပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ်(၃/၁၀၈) ၊ မောင်ခင်လမ်းနဲ့ ဦးရန်ကျော်လမ်းထောင့် ၊ ရွှေချီရပ်ကွက် ၊ ပျဉ်းမနား ၊ နေပြည်တော် မြို့ဖြစ်ပါတယ်။

Featured Photo : Wooden House Bar & B.B.Q