ချစ်ခင်ရတဲ့ ဘော်ဒါအပေါင်းအသင်းတွေနဲ့ နေအိမ်ခြံဝန်း လေးထဲမှာပဲ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ပါတီ ပွဲလေးတစ်ခု ကျင်းပမယ်ဆိုရင်တော့ ကွီးတို့အနေနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေ ရှိပါတယ်။ ပျော်ရွှင်စရာအတိနဲ့ ဘဝတစ်သက်တာလုံး အမှတ်တရဖြစ်စေမယ့် ပါတီ ပွဲလေးဖြစ်ဖို့ ကွီးတို့ ပြင်ဆင်ရမယ့် အရာလေးတွေကတော့…..

(၁) ပါတီအပြင်အဆင်ကို သေချာလေး အလှဆင်ပါ

Photo : The Independent

ကွီးတို့ရဲ့ ပါတီပွဲလေးက အရမ်းကြီး ခမ်းနားမနေရင်တောင် လှပတဲ့အပြင်အဆင်လေးတွေနဲ့ သေချာလေး ပြင်ဆင်မွမ်းမံဖို့တော့ လိုပါတယ်။ ကိုယ့်နေအိမ် ခြံဝန်းလေးထဲမှာပဲ ဖြစ်တဲ့အတွက် ပါတီမစခင်နာရီပိုင်းလောက် အလိုကတည်းက ပါတီအပြင်အဆင်ကို သေချာလေး ကြိုတင်ပြင်ဆင်နိုင်ပါတယ်။ မီးပုံးလေးတွေ ၊ မီးလုံးမီးကြိုးလေးတွေနဲ့ လှပတဲ့ ပါတီပွဲလေးတစ်ခု အဖြစ် အသက်သွင်းလိုက်ပါ။

(၂) မီးပုံပွဲလေး ထည့်သွင်းပါ

Photo : Muskoka Beer Spa

ကွီးတို့ရဲ့ ပါတီ ပွဲလေးကို ပိုပြီး အသက်ဝင်စေချင်တယ်ဆိုရင်တော့ မီးပုံပွဲလေးတစ်ခု ထည့်သွင်းဖို့ အကြံပြုချင်ပါတယ်။ မီးပုံပွဲ ပတ်ပတ်လည်မှာ သူငယ်ချင်းတွေစုထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ် အမှတ်တရတွေအကြောင်း စကားစမြည်ပြောမလား ၊ ဒါမှမဟုတ် ဂိမ်းလေးတွေ ကစားမလား ၊ သီချင်းလေးတွေနဲ့ ကခုန်မလား စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။

(၃) BBQ အကင်တွေ ပြင်ဆင်ထားပါ

Photo : Substack

ခြံဝန်းလေးမှာ ပါတီ ပွဲလေးကျင်းပမယ်ဆိုရင် မပါမဖြစ်တဲ့ စားစရာတစ်မျိုးကတော့ BBQ အကင်တွေ ပါပဲ။ BBQ အကင်လေးတွေကို ကိုယ်တိုင်ကင်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားရတာလည်း အရသာတစ်မျိုးပါပဲ။ BBQ အကင်တွေ လုပ်မယ်ဆိုရင် အသီးအရွက် အကင်တွေကတော့ ပါတီကျင်းပမယ့်ရက်မှ ပြင်ဆင်နိုင်ပေမယ့် အသားတွေကိုတော့ တစ်ညလောက်ကြိုပြီး နှပ်ထားတာက အကင်ရဲ့အရသာကို ပိုပြီး ထူးကဲလေးနက်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် တစ်ရက်လောက်ကြိုပြီး အသားတွေကို အရသာနှပ်ကာ ပြင်ဆင်ထားပါ။

(၄) ကော့လ်တေးဖျော်ပါ

Photo : The Irish Times

ပါတီနဲ့အလိုက်ဖက်ဆုံး သောက်စရာ Drinks ကို​ ပြောပါဆိုရင်တော့ ကော့လ်တေးတွေက မပါမဖြစ်ပါပဲ။ ကော့လ်တေးတွေက ပေါ့ပေါ့ပါးပါးနဲ့ ယောကျာ်းလေးရော မိန်းကလေးတွေပါ သောက်လို့ အဆင်ပြေပါတယ်။ ကွီးတို့ရဲ့ ပါတီ ပွဲလေးက ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့အတွက် အရမ်းကြီး မူးကွဲစေမယ့် အပြင်းစား ယမကာတွေနဲ့ ကော့လ်တေး Drinks တွေကိုတော့ မထည့်ဖို့ အကြံပြုချင်ပါတယ်။ ရီဝေဝေ ပျော်ပျော်ပါးပါးနဲ့ ပေါ့ပေါ့ပါးပါး သောက်လို့ရမယ့် သီးစုံ ကော့လ်တေးဖျော်ရည်တွေကတော့ အကောင်းဆုံး ဖြစ်စေမှာပါ။

(၅) ဖျော်ဖြေရေး အစီအစဉ်တွေ ထည့်သွင်းပါ


Photo : The Independent

ပါတီ တစ်ခုမှာ ဖျော်ဖြေရေးအစီအစဉ်လေးတွေ မပါရင် ဘယ်နည်းနဲ့မှ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပါတီမှာဖွင့်ဖို့အတွက် မြူးကြွတဲ့ သီချင်းလေးတွေ ကြိုတင်ရွေးချယ်ပြီး List လုပ်ထားပါ။ သီချင်းဆို ဝါသနာပါတဲ့ ဂီတသမားတွေပါရင် ကိုယ်တိုင်ဟဲလို့ရအောင် ကာရာအိုကေ အစီအစဉ်လေးတွေပါ ထည့်သွင်းပြီး ပြင်ဆင်ထားပါ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆော့လို့ရမယ့် ပါတီဂိမ်းလေးတွေလည်း ထည့်သွင်း ဖို့လည်း ကြိုတင်စဉ်းစားထားသင့်ပါတယ်။

Featured Photo : Epoch Times