ပါတီ ပွဲတစ်ခု တက်တော့မယ်ဆိုရင် ကျွန်တော်တို့ ယောကျာ်းလေးတွေအဖို့ မိန်းကလေးတွေလောက် ပြင်ဆင် စရာသိပ် များများစားစားမရှိတာ အမှန်ပါ။ ဒါပေမယ့် လုံးဝပြင်ဆင်စရာမရှိတာမျိုးတော့ မဟုတ်ပါဘူး။ ကွီးတို့အနေနဲ့ ပါတီတစ်ခု တက်တော့မယ်ဆိုရင် ပြင်ဆင်ဖို့လိုတဲ့ အခြေခံအချက်လေးတွေတော့ ရှိပါတယ်။ ကဲဒါဆို ပါတီတက်မယ့် ကွီးတို့အနေနဲ့ ဘယ်အရာတွေ ပြင်ဆင်ရမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ပါ


Photo : GQ México

အမျိုးသားတစ်ယောက်အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့က အရေးကြီးဆုံးပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှုဟာ ကွီးတို့ကိုပိုပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်အသွင်ကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် ပါတီတက်မယ်ဆိုရင် အခြေခံအချက်တစ်ခုအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုပိုင်းကို အလေးထားဆောင်ရွက်သင့်ပါတယ်။ ဥပမာအားဖြင့် အမွှေးအမျှင်တွေ ရိတ်သွားတာ၊ ဆံပင်သပ်သပ်ရပ်ရပ် ဖြီးလိမ်းတာ ၊ ညို့အားပြင်းတဲ့ ရေမွှေး သို့မဟုတ် အမွှေးနံ့သာတစ်ခုခု အသုံးပြုတာ စသည်ဖြင့် လုပ်ဆောင်ဖို့ လိုပါတယ်။

(၂) ဗိုက်ဖြည့်သွားပါ


Photo : Best Life

ပါတီတက်ပြီဆိုတာနဲ့ အသောက်အစား ကဏ္ဍလေးတွေကတော့ သေချာပေါက် ရှိမှာပါပဲ။ အရေးကြီးဆုံးအချက်က အရက်မသောက်ခင်မှာ ကွီးတို့ရဲ့ အစာအိမ်ထဲ အစာတစ်ခုခုရှိထားဖို့ လိုပါတယ်။ ဗိုက်ထဲ အစာရှိနေတာက အရက်နာကျခြင်းကို ကာကွယ်ပေးသလို ဆိုးဆိုးရွားရွား အရက်နာကျတဲ့ ဒဏ်မှလည်း သက်သာစေပါတယ်။ ဒါကြောင့် ပါတီမသွားခင် အရက်နဲ့အဖျော်ယမကာတွေ မသောက်သုံးခင်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ တစ်မျိုးမျိုးနဲ့ ဗိုက်ဖြည့်သွားဖို့ အကြံပြုချင်ပါတယ်။

(၃) သပ်သပ်ရပ်ရပ် ဝတ်သွားပါ


Photo : Burnaby Now

ပါတီတက်တဲ့အခါ ဘယ်လိုဖက်ရှင်တွေ ဝတ်ဆင်သင့်လဲဆိုတဲ့ မေးခွန်းက အမေးအများဆုံး မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှုဟာ လူတစ်ယောက်ကို အများကြီးပြောင်းလဲသွားစေတဲ့အတွက် အဝတ်အစားဖက်ရှင်နဲ့ ပတ်သတ်ရင်လည်း အထူးဂရုစိုက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အခြေခံအားဖြင့်တော့ သပ်သပ်ရပ်ရပ်နဲ့ သက်တောင့်သက်သာရှိရှိ စတိုင်ကျစေမယ့် ဖက်ရှင်တွေ ဦးစားပေးဝတ်ပါ။ နောက်တစ်ခုက ကိုယ်သွားမယ့် ပါတီပေါ်မူတည်ပြီး ဖက်ရှင်ကို လိုက်ဖက်မှုရှိရှိ ပြောင်းလဲဝတ်ဆင်တက်ဖို့လည်း အရေးကြီးပါတယ်။

(၄) သတ်မှတ်ချိန်အတွင်း အရောက်သွားပါ


Photo : The Spruce

ပါတီ က ဘယ်အချိန်စမှာလဲ ၊ ဘယ်နေရာမှာ ကျင်းပမှာလဲ ၊ ကိုယ်နေတဲ့နေရာကနေ ပါတီကျင်းပမယ့်နေရာရဲ့ အကွာအဝေးက ဘယ်လောက်ရှိလဲ ၊ ခန့်မှန်းခြေအချိန် ဘယ်လောက်ကြာနိုင်မလဲ စသည်ဖြင့် ကြိုတင်တွက်ချက်ထားပါ။ ပါတီ မစခင် အနည်းဆုံး ၅ – ၁၀ မိနစ်အတွင်း ကြိုရောက်နေတာကတော့ အကောင်းဆုံးပါပဲ။ မဟုတ်ရင်လည်း ပါတီရဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း အရောက်သွားနိုင်ဖို့ လိုပါတယ်။

(၅) ချင့်ချိန်သောက်ပါ


Photo : Flipboard

အရက်သောက်ပြီဆိုရင် လိုက်နာရမယ့် စည်းမျဉ်းတစ်ခုက Know Your Limits ပါပဲ။ ကိုယ့်ရဲ့ Limits နဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ချင့်ချိန်သောက်တက်ဖို့ အရေးကြီးပါတယ်။ အလွန်အကျွံသောက်ပြီး ရုပ်ပေါက်နေမယ်ဆိုရင် ကိုယ့်ကိုဖိတ်ထားတဲ့ ပါတီစီစဉ်သူတွေကို Respect မရှိရာရောက်သလို ပါတီပွဲအတွင်းက ပျော်စရာအချိန်တွေကိုလည်း လက်လွှတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီရောက်တဲ့အခါ ကွီးတို့ရဲ့ သောက်နိုင်တဲ့ Limits နဲ့အညီ ဟန်မပျက် အခြေအနေမပျက် ချင့်ချင့်ချိန်ချိန်သောက်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Rakuten