အိမ်တွင်းပါတီ ပွဲလေးတစ်ခု ကျင်းပတဲ့အခါ ပိုပြီးပျော်စရာကောင်းချင်ရင် ပါတီဂိမ်းလေးတွေ ကစားသင့်ပါတယ်။ မိသားစုနဲ့ ဖြစ်ဖြစ် ၊ ဘော်ဒါအပေါင်းအသင်းတွေနဲ့ ဖြစ်ဖြစ် အပျော်တွေပို တိုးစေဖို့ အသက်အရွယ်မရွေး ဆော့ကစားနိုင်တဲ့ ပျော်စရာ ပါတီဂိမ်း လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Charades

Photo : Brightful

Charades ဂိမ်းက လူတိုင်းသိတဲ့ နာမည်အကြီးဆုံး ပျော်စရာ ပါတီဂိမ်း လေးတစ်ခုပါ။ ဒီဂိမ်းက အဖွဲ့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ Notepad ပေါ်မှာချရေးထားတဲ့ ရုပ်ရှင်နာမည်တွေ ၊ အရာဝတ္ထု ပစ္စည်းတွေ ၊ နာမည်ကြီး သရုပ်ဆောင်တွေရဲ့ နာမည်တွေ စသည်ဖြင့် ဝှက်ထားတဲ့ စကားလုံးတွေကို ကိုယ့်အဖွဲ့ သားတွေဖော်နိုင်အောင် အသံမထွက်ပဲ ကိုယ်ဟန်အမူအရာနဲ့ လုပ်ပြရမှာပါ။ ဘော်ဒါတွေနဲ့အဖွဲ့လိုက် ပျော်ပျော်ပါးပါး ဆော့နိုင်မယ့် ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။

(၂) Ostrich Dance

Photo : iStock

ဒီဂိမ်းက လှုပ်လှုပ်ရှားရှား ဆော့ကစားရမယ့် ပျော်စရာ ဂိမ်းလေးတစ်ခုပါ။ ဂိမ်းပွဲတစ်ပွဲကို လူ ၂ ယောက် ကစားရမှာ ဖြစ်ပါတယ်။ တစ်ယောက်စီရဲ့ နောက်ကျောမှာ စာရွက်နဲ့ စာလုံးတစ်ခုခု ရေးပြီး ကပ်ထားရပါမယ်။ ကိုယ့်နောက်ကျောက စာလုံးကို တစ်ဖက်လူမမြင်အောင် ကာကွယ်ရမှာပါ။ အရင်ဆုံး မြင်သွားတဲ့သူက အနိုင်ဖြစ်ပါတယ်။

(၃) Flip Cup


Photo : Thrillist

ဒီဂိမ်းက အဖွဲ့ရော တစ်ယောက်ချင်းစီပါ ကစားလို့ရတဲ့ ပျော်စရာ ပါတီဂိမ်း လေးတစ်ခုပါ။ အလွယ်ပြောရရင် ခွက်လှန်တဲ့ ဂိမ်းဖြစ်ပါတယ်။ ခွက်ထဲက ဘီယာ သို့မဟုတ် အချိုရည်ကို ကုန်အောင်သောက်ပြီး လက်နဲ့ ခွက်ကို မှောက်ယက်ဖြစ်အောင် လှန်ပေးရမှာ ဖြစ်ပါတယ်။ မြန်မြန်နဲ့ သွက်သွက်လက်လက် ကစားရမယ့် ဂိမ်းလေးဖြစ်ပြီး ခွက်တွေအားလုံး လှန်နိုင်သူက အနိုင်ပါ။

(၄) Balloon Game


Photo : Century Square – Happenings

ဒီဂိမ်းက ၂ ယောက်စီရော အဖွဲ့လိုက်ပါ ကစားလို့ရပါတယ်။ ပျော်စရာကောင်းပြီး တစ်ချိန်လုံး ရယ်နေရမယ့် ပါတီဂိမ်း လေးတစ်ခုပါ။ ကစားနည်းကတော့ တစ်ယောက်စီရဲ့ခြေထောက်တွေမှာ ပူဖောင်း ၂ လုံးစီ ချည်ထားရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် ဦးသူအပြန်အလှန် ပူဖောင်းတွေ လိုက်ဖောက်ရမှာဖြစ်ပြီး နောက်ဆုံး ပူဖောင်းမပေါက်ပဲ ကျန်နေသေးတဲ့သူက အနိုင်ဖြစ်ပါတယ်။

Featured Photo : UrbanMatter