ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ဆုံပြီး  ပျော်ပျော်ပါးပါး အချိန်ဖြုန်းဖို့ဆိုရင် ကွီးတို့တော်တော်များများက များသောအားဖြင့် ဘားတွေ၊ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေ သွားလေ့ရှိကြတယ် မဟုတ်လား။ အဲ့ဒီအစား အစားအသောက် အစုံအလင်နဲ့ ပျော်ပွဲစား သွားကြည့်ပါ။ ပိတ်ရက်မှာ အချိန်ယူပြီး ပျော်ပွဲစား ထွက်တာက တကယ်ကို ကွီးတို့ကို ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှု အပြည့်အဝ ရစေမှာ အသေအချာပါပဲ။ သဘာဝတရားရဲ့ အလှအပကို ခံစားရင်း ကွီးတို့ ဘော်ဒါတွေနဲ့အုပ်စုလိုက် ပျော်ပျော်ပါးပါး ဂိမ်းတွေကစားလို့လည်း ရသလို ၊ သီချင်းတွေဆိုရင်း အားလပ်ရက်ကို ကုန်ဆုံးလိုက်ပါ။ ဒီလိုလုပ်ခြင်းက တစ်ပတ်တာ အမောတွေကို ပြေစေပြီး အားအင်အသစ်တွေ ရရှိပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ဘော်ဒါတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ပျော်ပွဲစား လေး ဖြစ်စေဖို့ ပြင်ဆင်ရမဲ့ အချက်ကို ဖော်ပြပေးသွားပါမယ်။

နေရာရွေးချယ်ပါ

ပျော်ပွဲစား ပြင်ဆင်ရမဲ့

Photo : AmazingCo

ကွီးတို့အနေနဲ့ ပျော်ပွဲစား မထွက်ခင် အရင်ဆုံး စဉ်းစားရမှာကတော့ နေရာရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ အနီးနားက ပန်းခြံပဲ ဖြစ်ဖြစ်၊ တစ်ရက်တည်း အသွားအပြန်သွားလို့ရတဲ့ အပန်းဖြေစခန်းကိုပဲ ဖြစ်ဖြစ် ရွေးချယ်လိုက်ပါ။ ထို့နောက် ကွီးတို့ ပျော်ပွဲစား ထွက်မဲ့နေရာရောက်လျှင်လည်း ကွီးတို့ စခန်းချမဲ့ နေရာက အရိပ်ရတဲ့ နေရာဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကွီးတို့ တစ်နေ့လုံး နေအပူရှိန်ကို မခံစားရဘဲ အေးအေးဆေးဆေး ထိုင်လို့ရမှာ ဖြစ်ပါတယ်။

အစားအစာများ ပြင်ဆင်ပါ

ပျော်ပွဲစား ပြင်ဆင်ရမဲ့

Photo : HOLR Magazine

ပျော်ပွဲစား ထွက်ပြီဆိုရင် အဓိက ပြင်ဆင်ရမဲ့ အရာတွေကတော့ အစားအသောက်တွေပါပဲ။ အသင့်စား အစားတွေ၊ အသီးအနှံ့တွေနဲ့ မုန့်များကို သေချာစွာ ထုတ်ပိုးသယ်ဆောင်လာပါ။ ကွီးတို့ ပျော်ပွဲစားထွက်တဲ့ နေရာက ကိုယ်တိုင်ချက်ပြုတ်လို့ ရတယ်ဆိုရင် BBQ အကင်တွေကိုပါ တပျော်တပါး လုပ်စားလို့ရပါတယ်။ ဒါ့အပြင် အဖျော်ယမကာများကလည်း မပါမဖြစ်ပါပဲနော်။ ကွီးတို့အနေနဲ့ အဖျော်ယမကာများကို သယ်ဆောင်သွားတဲ့နေရာမှာ ရေခဲဗူးများနဲ့ မမေ့မလျော့ သယ်ဆောင်သွားပါ။ ဒါမှသာ ကွီးတို့ သောက်သုံးတဲ့ အချိန်ထိ အေးမြနေမှာပါ။ ရေသန့်များကို ယူဆောင်လာဖို့လည်း မမေ့ပါနဲ့။ နောက်ထပ် တစ်ချက်ကတော့ စားပွဲခင်း သို့မဟုတ် ပျော်ပွဲစားစောင် ယူလာဖို့ပဲ ဖြစ်ပါတယ်။

ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးပါ

Photo : Aodbe Stok

ကွီးတို့ရေ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင်ရမဲ့ အချက်တွေထဲမှာ ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးဖို့ အိုင်ဒီယာလေးတွေ ကြိုတင်စဉ်းစားဖို့လည်း ပါပါတယ်။ ကွီးတို့ ဘော်ဒါတွေနဲ့ အတူဆော့ ကစားဖို့ စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းလေးတွေ ပြင်ဆင်သွားပါ။ အတူတူ သီချင်းတွေ ဆိုဖို့ ဂစ်တာလေး တစ်လက်လည်း ယူသွားဖို့ မမေ့ပါနဲ့နော်။ ဒါမှသာ ပျော်ပျော်ပါးပါး ဂိမ်းဆော့လိုက် ၊ သီချင်းဆိုလိုက်နဲ့ အမှတ်တရ ကောင်းတွေကို ဖန်တီးနိုင်မှာပါ။

ကွီးတို့ ပျော်ပွဲစားထွက်ပြီးလို့ ပြန်လျှင်လည်း ကွီးတို့အသုံးပြုခဲ့တဲ့နေရာကို ပြန်လည် သန့်ရှင်းရေးလုပ်ပြီး အမှိုက်တွေကို စနစ်တကျ ထုတ်ပိုးပြီး စွန့်ပစ်ပါ။

အခုဖော်ပြပေးလိုက်တာကတော့ ဘော်ဒါတွေနဲ့အတူ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင်ရမဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေက ကွီးတို့ကို စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းတဲ့ ပျော်ပွဲစားလေး ဖြစ်အောင်ဖန်တီးရာမှာ အထောက်အကူပြုပါလိမ့်မယ်။

Featured Photo : LUX Life