ရုံးတက် ရုံးဆင်းလုပ်ရတဲ့ ဝန်ထမ်းများသည် တနင်္လာနေ့ကနေ ရုံးတက်လိုက်ရတာ သောကြာနေ့ ရောက်ပြီဆိုရင်တော့ ခြေကုန်လက်ပန်းကျနေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ တစ်ပတ်တာလုံးပင်ပန်းသမျှတွေကို ဖြေဖျောက်ဖို့အတွက်ဆိုရင် သောကြာနေ့ ညနေခင်းမှာ ဘော်ဒါ တွေနဲ့အတူတူ TGIF ပါတီ ကျင်းပဖို့လိုအပ်လာပြန်ပါတယ်။

ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ ပြန်နားနေတော့မှာပဲ ဘာကိစ္စ ဘော်ဒါ တွေနဲ့ အတူတူ TGIF ပါတီ ဆင်နွှဲရဦးမှာလဲ ဆိုတဲ့ အတွေးမျိုး ဝင်ကောင်း ဝင်နိုင်ပါတယ်။ ကိုယ့်ဘာသာ အိမ်မှာတစ်ယောက်တည်း နားနေရတဲ့ ဖီလင်နဲ့ ဘော်ဒါ တွေနဲ့ အတူတူ TGIF ပါတီ ကျင်းပရတဲ့ ဖီလင်ချင်းက မတူပါဘူး။

ကွီးတို့အနေနဲ့ TGIF ပါတီကို ဘာ့ကြောင့် ကျင်းပသင့်သလဲဆိုတော့…..

ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိစေလို့

ဘော်ဒါ TGIF

Photo: Unsplash

TGIF ပါတီမှာ သီချင်းတွေနဲ့ ကလိုက်ခုန်လိုက် ပျော်လိုက်ပါးလိုက်နဲ့ မိုင်ကုန်ကဲနိုင်ပါတယ်။ ပင်ပန်းထားသမျှတွေကို သီချင်းသံစဥ်တွေနဲ့အတူတူ စီးမျောလိုက်ပါ ခံစားရင်း ကခုန်လိုက်တဲ့အခါ စိတ်ထဲမှာ ညစ်နေတဲ့ စိတ်ညစ်စရာမှန်သမျှလည်း ယူပစ်သလို ပျောက်ကွယ်သွားမှာဖြစ်ပြီး ပျော်ရွှင်မှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုများကို လျော့ချပေးလို့

ဘော်ဒါ TGIF

Photo: Menshealth

ဟုတ်ပါတယ်။ တစ်ပတ်တာလုံးသည် ရုံးတက်လိုက်၊ အလုပ်တွေ အသည်းအသန် ကြိုးစားလိုက်၊ Deadline တွေ မှီအောင် လုပ်ရလိုက်နဲ့ လုံးလည်ချာလည်လိုက်ပြီး ပျော်စရာဆိုတာ ကိုယ့်ရဲ့ကမ္ဘာမှာ မရှိပါ ဆိုသလို ဖြစ်လာပါတယ်။ ဒီလိုနဲ့ပဲ လူက  တဖြည်းဖြည်း စိတ်ခံစားချက် ကင်းမဲ့လာပြီး၊ စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်နေရတာ အချိန်ကြာလာတဲ့အခါ စိတ်ဖိစီးစရာတွေ များလာကာ စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပင်ပန်းသမျှတွေကို ပါတီတက်ရင်း အပီကဲပစ်လိုက်ပါ။ စိတ်ဖိစီးမှုများ ချက်ချင်းကို လျော့ကျသွားမှာပဲဖြစ်ပါတယ်။

မဆုံတာကြာပြီဖြစ်တဲ့ ဘော်ဒါတွေနဲ့ ပြန်ဆုံဖြစ်လို့

ဘော်ဒါ TGIF

Photo: iStock

အခင်ဆုံးသူငယ်ချင်းတွေဆိုသည်မှာလည်း တက္ကသိုလ်တွေပြီးသွားတာနဲ့ ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ် ကိုယ်လုပ်နဲ့ အလုပ်ကိုယ်စီ တာဝန်ကိုယ်စီနဲ့ တစ်ခါ တစ်ခါ တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်။ ဒီလို ချိန်းဖို့ခက်ခဲတဲ့ ဘော်ဒါတွေကို သောကြာနေ့ ညနေခင်းလေးမှာ ဟယ်လို လို့ ဖုန်းဆက်ကာ ဘားသွားထိုင်ဖို့ အဖော်စပ်လိုက်ပါ။ နှစ်ခါဆွယ်စရာမလိုအောင်ကို သဘောတူပြီး ချက်ချင်းလိုက်လာကြမှာပါ။ ဒီလိုနည်းလမ်းနဲ့ ဆုံဖြစ်ဖို့ ခက်ခဲတဲ့ ဘော်ဒါတွေကို ဝီစကီတို့၊ ဘီယာတို့နဲ့ မျှားခေါ်ရင်း ပြန်လည်ဆုံဆည်းနိုင်ပါတယ်။

အရွယ်တင် နုပျိုစေလို့

young man

Photo: Advice.paulaschoice.sg

စိတ်ပျို ကိုယ်နု ဆိုတဲ့စကားလေးကို ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ ဘယ်အရာမဆို စိတ်ဆောင်မှသာ လုပ်ဆောင်နိုင်မှာပါ။ သင့်ရဲ့ စိတ်က စိတ်ဖိစီးစရာများ၊ စိတ်ညစ်စရာများနဲ့ ပြည့်နှက်နေမယ်ဆိုရင်တော့ သင့်ရဲ့ မျက်နှာသည် ဘယ်လိုမှ နုနယ်ပျိုမျစ်နေမှာမဟုတ်ပါဘူး။ စိတ်ပင်ပန်းစရာများကြောင့် အရွယ်ကျသွားပြီး အိုမင်းရင့်ရော်မှုကိုလည်း မြန်ဆန်စေပါတယ်။ ဒါ့ကြောင့် အလုပ် လုပ်ချိန်မှာ အလုပ်ကို အာရုံစူးစိုက်ကာ လုပ်ဆောင်သလို အလုပ်ချိန် ပြီးသွားတဲ့အခါမှာလည်း အလုပ်ကိစ္စများကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ စိတ်ဖိစီးမှုတွေ မရှိတော့တဲ့အခါ စိတ်ကျန်းမာရေးလည်း ကောင်းမွန်လာမှာဖြစ်ပြီး အရွယ်တင် နုပျိုလာပါလိမ့်မယ်။ ပိုမို အရွယ်တင်ချင်တယ်ဆိုရင်တော့ ဘော်ဒါတွေနဲ့အတူတူ တပျော်တပါးကြီး TGIF ပါတီ ဆင်နွှဲပစ်လိုက်ပါ။ စိတ်ညစ်စရာဆိုတာ ပြတိုက်ထဲမှာတောင် ရှာယူရပါလိမ့်မယ်။

Featured Image: Bestofnj