လကုန်ရက်လည်း နီးလာပြီဆိုတော့ Pay Day မှာ အေးဆေး Chill ဖို့ ဆိုင်ကောင်းကောင်းတချို့ကို ညွှန်းပေးချင်ပါတယ်။ ဒီတစ်ခေါက်တော့ အစားအသောက်နဲ့ ထိုင်စရာဆိုင်တွေပေါတဲ့ မြောက်ဒဂုံ တဝိုက်ကို ခြေဆန့်လိုက်ရအောင်ပါ။ မြောက်ဒဂုံ ထဲမှာ ထိုင်လို့ကောင်းပြီး အစားအ သောက် ကောင်းကောင်းလေးတွေရနိုင်မယ့် Bar နဲ့ Restaurant ဆိုင်လေးတွေကို ရွေးချယ်တင်ဆက်ပေး လိုက်ပါတယ်။

(၁) Pinlon House


Photo : Pinlon House

ဒီဆိုင်လေးက ဆူဆူညံညံ Bar တို့ Restaurant တို့ မကြိုက်တဲ့သူတွေနဲ့ အံ့ကိုက်ပါပဲ။ ဆိုင်အပြင်အဆင် ဒီဇိုင်းက Premium ဆန်တဲ့ဘက်သွားပြီး နေရာထိုင်ခင်း တော်တော်လေး သပ်သပ်ရပ်ရပ် ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေးဆေး ရှိတယ်။ ဆိုင်အတွင်းဘက်မှာ သက်တောင့်သက်သာထိုင်လို့ရမယ့် Table တွေ ပြင်ဆင်ပေးထားသလို လွတ်လွတ်လပ်လပ် ထိုင်ချင်သူတွေအတွက်လည်း Outdoor Table ဝိုင်းတွေ ပြင်ဆင်ပေးထားတယ်။ ထိုင်းအစားအစာ ၊ တရုတ်အစားအစာ ၊ BBQ အကင် ၊  အနောက်တိုင်း အစာအစာ ၊ Appetizers တွေနဲ့ ကော်ဖီ ၊ ဘီယာ ၊ ကော့လ်တေး ၊ Fresh Soda Drink တွေ အစုံရတယ်။ ဆိုင်လိပ်စာက အမှတ် ၂၈ ၊ ဘုရင်နောင်လမ်းမကြီး ၊ ၂၇ ရပ်ကွက် ၊ မြောက်ဒဂုံ မြို့နယ် ဖြစ်ပါတယ်။

(၂) Old Scull Bar & Restaurant

Photo : Old Scull Bar & Restaurant

ဒီဆိုင်လေးက ထိုင်ဖူးနေကျ Bar တွေနဲ့ တော်တော်လေး ကွဲပြားတယ်။ တစ်ဆိုင်လုံး County အသုံးအဆောင် ပစ္စည်းတွေနဲ့ Decoration ပိုင်းကိုပြင်ဆင်ထားတယ်။ ပြောရရင် ဒီဆိုင်လေးက ခေတ်ဟောင်းအငွေ့ အသက်တွေ လွှမ်းခြုံနေတဲ့ ထူးထူးခြားခြား Cowboy Bar လေး။ The Old Scull Band ရဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့အတူ ၁၉၈၀ – ၁၉၉၉ ခုနှစ်တွေဆီက အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းဟောင်းလေးတွေ နားဆင်ခံစားနိုင်ဦးမှာဆိုတော့ လုံးဝရှယ်ပဲ။ အစားအသောက်တွေလည်း တော်တော်လေးစုံတယ်။ Rock နဲ့ County ချစ်သူတွေ သေချာပေါက် လာသင့်တဲ့ Bar လေး တစ်ခုပါပဲ။ ဆိုင်လိပ်စာကတော့ အမှတ် ၁၀၄၉ ၊ ပြည်ထောင်စုလမ်းမကြီး ၊ ၃၈ ရပ်ကွက်၊ ၇/၈လမ်းဆုံအနီး ၊ မြောက်ဒဂုံ မြို့နယ် ဖြစ်ပါတယ်။

(၃) Asahi 1 Beer Pub & BBQ

Photo : Asahi 1 Beer Pub & BBQ

ဒီဆိုင်လေးက မြောက်ဒဂုံ ထဲမှာ လူတိုင်းသိတဲ့ နာမည်အကြီးဆုံး ဆိုင်တစ်ဆိုင်လို့ ပြောလို့ရတယ်။ ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်း နဲ့ အေး အေးဆေးဆေး Chill လို့ကောင်းတယ်။ အစားအသောက်တွေလည်း တစ်နေရာတည်းမှာ အစုံရတယ်။ ဒီဆိုင်မှာ တရုတ်ရိုးရာ စီချွမ်အရသာ ဟင်းပွဲတွေ တော်တော်လေး နာမည်ကြီးတယ်။ တခြား ထိုင်း အစားအစာ၊ တရုတ်အစားအစာ ၊ မလေးရှား နဲ့ European စတိုင် အစားအစာတွေ ၊ အကင် ၊ အသုတ် ၊ အထောင်း ဟင်းပွဲတွေ တော်တော်စုံစုံ ရတယ်။ ဘီယာဆိုလည်း ၁၀ မျိုးလောက်အထိရတယ်။ အပြင်း ၊ အပျော့ ရွေးချယ်စရာ Drink တွေစုံတယ်။ အပတ်စဉ် အင်္ဂါနေ့နဲ့ သောကြာနေ့တွေမှာ Unplugged Music အစီအစဉ်တွေလည်း ရှိသေးတယ်။ နောက်ပြီး မြောက်ဒဂုံထဲမှာပဲ Asahi ဆိုင်ခွဲတွေအများကြီး ရှိသေးတော့ နီးစပ်ရာဆိုင်မှာ ထိုင်ရုံပါပဲ။ ဆိုင်လိပ်စာက အမှတ် ၁,၂ ၊ ဗိုလ်မှုးဗထူးလမ်းနဲ့ အနော်ရထာလမ်းထောင့် ၊ ၄၆ လမ်းဆုံအနီး ၊ မြောက်ဒဂုံ မြို့နယ် ဖြစ်ပါတယ်။

(၄) Nay La Bar and Restaurant

Photo : Nay La Bar and Restaurant

ဒီဆိုင်လေးက “အသဲကွဲလေဒီ” တို့ ၊ “လေဘာနေလ” တို့လို နာမည်ဆန်းဆန်းလေးတွေနဲ့ ထူးခြားဆန်းပြားဟင်းလျာတွေ ရတဲ့ဆိုင်လေး။ ဆိုင်နေရာအပြင်အဆင် ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာ ရှိတယ်။ အစားအသောက်တွေလည်း စုံတယ်။ BBQ အကင်ဆိုရင် ဈေးနှုန်း ၈၀၀ ကနေ ၁၈၀၀ ဝန်းကျင်ပဲဆိုတော့ တော်တော်လေးတန်တယ် ပြောရမယ်။ နောက်ပြီး ဒီဆိုင်လေးမှာ ထူးထူးခြားခြား ဘီယာမြေအိုး ရတယ်။ Tiger ၊ Chang ၊ Carlsberg ၊ Heineken ၊ ABC ၊ Budweiser ၊ Corona တို့လို ပုလင်း ဘီယာတွေလည်း ရတယ်။ မိန်းကလေးတွေအတွက် Level အလိုက် ကော့လ်တေးဆန်းဆန်းလေးတွေ ရတယ်။ ဆိုင်လိပ်စာက အမှတ် ၄၇၆ ၊ ဆရာစံလမ်း ၊ ၃၁ ရပ်ကွက် ၊ မြောက်ဒဂုံ မြို့နယ် ဖြစ်ပါတယ်။

Featured Photo : Pinlon House