ရုံးတွင်း ပါတီပွဲ ကျင်းပတာဟာ တစ်ရုံးတည်းမှာ အလုပ်အတူတူ လုပ်ကိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်မှု ၊ ခင်မင်ရင်းနှီးမှုကို တိုးစေတဲ့အပြင် အလုပ်မှာ ပျော်ရွှင်စေမယ့် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ရုံးတွင်း ပါတီပွဲ ဆင်နွှဲချင်ကြသူတွေအတွက် ပျော်စရာကောင်းတဲ့ အလန်းစား အိုင်ဒီယာ အသစ်အဆန်း လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရုံးတွင်း ကော့လ်တေးပါတီပွဲ


Photo : PineCrest Country Club

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရုံးတွင်း ကော့လ်တေး ပါတီပွဲ လေးသာ ဆင်နွဲလိုက်ပါ။ ဘားတွေ ၊ စားသောက်ဆိုင်တွေပဲ အမြဲ သွားနေရတာ ရိုးအီနေပြီဆိုရင်တော့ ရုံးတွင်းမှာပဲ ပြုလုပ်မယ့် ကော့လ်တေး ပါတီပွဲ လေးက တကယ့်ကို မတူညီတဲ့ ခံစားမှုအသစ်တစ်ခု ရစေမှာပါ။ ကျွမ်းကျင် Bartender တစ်ဦးကို ငှားရမ်းပြီး ကော့လ်တေးတွေ ဖျော်စပ်နိုင်သလို အဖျော်အစပ် ဝါသနာပါသူတွေအနေနဲ့လည်း လုပ်ဖော်ကိုင်ဖက်တွေအတွက် ကိုယ်တိုင် အရသာရှိတဲ့ ကော့လ်တေးတွေကို လက်စွမ်းပြ ဖျော်စပ်ပေးလို့ ရပါတယ်။

(၂) ရုံးတွင်း Bad Day ပါတီပွဲ

Photo : ThinkTel

လူတိုင်းမှာ ဘာလုပ်လုပ်အဆင်မပြေတဲ့ ကံဆိုးတဲ့နေ့ဆိုတာ ရှိကြပါတယ်။ တစ်ခါတစ်ရံ ရုံးမှာလည်း ဘားမှအဆင်မပြေတဲ့ တစ်နေ့တာကို ကြုံဖူးကြပါလိမ့်မယ်။ ဒီလို အဆင်မပြေတဲ့ တစ်နေ့တာကို စိတ်လက်ပေါ့ပါးခြင်းတွေနဲ့ အစားထိုး ဖြတ်သန်းနိုင်ဖို့ ရုံးတွင်း Bad Day ပါတီပွဲလေးတစ်ခု ဖန်တီးလိုက်ပါ။ အလုပ်နဲ့ စိတ်ညစ်စရာတွေ အားလုံးကို ခဏတာမေ့ထားပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စားစရာ သောက်စရာတွေအတူတူ တည်ခင်းစားသောက်ရင်း ဂိမ်းတွေကစားတာ ၊ စိတ်ပြေလက်ပျောက် စကားစမြည် ပြောတာ စတဲ့နည်းလမ်းလေးတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ပါတယ်။

(၃) ရုံးတွင်း ဆုချီးမြှင့်ပွဲ ပါတီ

Photo : GigSalad

ဝန်းထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိမှတ်ပြုပေးတဲ့ အနေနဲ့ရော ၊ ဝန်ထမ်းတွေအားလုံးလည်း မိမိလုပ်ငန်းခွင်အပေါ် တန်ဖိုးထားမှုနဲ့ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာစေဖို့ ရုံးတွင်း ဆုချီးမြှင့်ပွဲ ပါတီလေးတွေ ဖန်တီးပေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် တစ်ပတ်တာအတွင်း ရုံးချိန်နောက်ကျမှု အဆုံးနည်းဆု ၊ စည်းကမ်းအရှိဆုံး ဆု ၊ ပေါင်းသင်းဆက်ဆံရေး အကောင်းဆုံး ဆု စသည်ဖြင့် ဆုလေးတွေခွဲပြီး တော်တဲ့ထက်တဲ့ ဝန်ထမ်းတွေကို ဆုချီးမြှင့်တဲ့ ပါတီပွဲလေးတစ်ခု ကျင်းပနိုင်ပါတယ်။

(၄) ရုံးတွင်း မွေးနေ့ပါတီ

Photo : Cheryl’s Cookies

ရုံးတွင်းပါတီပွဲ ကျင်းပမယ်ဆိုရင် မွေးနေ့ရှင်တွေအတွက် စပရိုက်ဖြစ်စေမယ့် ရုံးတွင်း မွေးနေ့ပါတီပွဲလေးကိုလည်း မေ့မထား သင့်ပါဘူး။ လတစ်လအတွင်းမှာ ကျရောက်တဲ့ မွေးနေ့ရှင်တွေအတွက် လုပ်ဖော်ကိုင်ဖက်တွေစုပြီး မွေးနေ့ကိတ် စီစဉ်ပေးတာ ၊ စပရိုက် မွေးနေ့ပါတီလေး စီစဉ်ပေးတာ ၊ မွေးနေ့ လက်ဆောင်ပေးတာတွေ လုပ်နိုင်ပါတယ်။ ဒါဟာ ဝန်ထမ်းအချင်းချင်း တန်ဖိုးထားမှုကို မြှင့်တက်စေပြီး ချစ်ခင်ရင်းနှီးမှု တိုးစေဖို့လည်း များစွာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

Featured Photo : Forbes