အခုနောက်ပိုင်း အွန်လိုင်း ဈေးကွက်မှာ တစ်နိုင် တစ်ပိုင် အစားအသောက် လုပ်ငန်းတွေ အများကြီး ပေါ်လာတာကို သတိထား မိကြမယ် ထင်ပါတယ်။ စားသောက်ကုန် လုပ်ငန်း တစ်ခုဟာ အပေါ်ယံ အားဖြင့် လွယ်ကူတယ် လို့ ထင်ရပေမယ့် ဈေးကွက်မှာ နာမည် တစ်ခုရဖို့ အရသာနဲ့ အရည်အသွေးကို ထိန်းရသလို ဈေးကွက် ချဲ့ထွင်မှု ဆိုင်ရာ နည်းဗျူဟာတွေ ကိုလည်း ကောင်းကောင်း သိထားဖို့ လိုပါတယ်။ များသော အားဖြင့် အစားအသောက် လုပ်ငန်း တစ်ခုဟာ ပထမ တစ်နှစ် အတွင်းမှာ ဈေးကွက် ထိုးဖောက်မှု ကောင်းကောင်း မလုပ်နိုင်ရင် ကျရှုံး သွားကြတာ များပါတယ်။ ဒီလိုမဖြစ်ရအောင် အစားအသောက် လုပ်ငန်း တစ်ခု မစတင်မီ ကွီး တို့  မဖြစ်မနေ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေ ပေးသွားချင်ပါတယ်။

(၁) အရင်ဆုံး စျေးကွက်ကို လေ့လာပါ

Photo : iStock

လုပ်ငန်း တစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ့် လုပ်ငန်း နဲ့ ဆက်စပ်တဲ့ ဈေးကွက်ကို အနေအထားကို အရင်ဆုံး လေ့လာ ဆန်းစစ် ဖို့ လိုပါတယ်။ ဆိုလိုတာ ကတော့ လက်ရှိ ဈေးကွက်ထဲမှာ စားသုံးသူတွေက ဘယ်လို အရသာနဲ့ အစားအစာတွေကို အကြိုက်များ နေလဲဆိုတာ သိအောင် လေ့လာ စုံစမ်းဖို့ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ဝယ်လိုအားများနေတဲ့ အစားအသောက် တွေကို စစ်တမ်း ကောက်ယူပြီး ကိုယ့်ရဲ့ ထုတ်ကုန်အတွက် စိတ်ဝင်စားနိုင်မယ့် စာသုံးသူတွေ အကြောင်းကို ဆက်စပ် လေ့လာရမှာပါ။ ဈေးကွက် အခြေအနေကို လေ့လာပြီး ထုတ်ကုန်ရောင်းချခြင်းဟာ လုပ်ငန်းတစ်ခု အခြေခိုင်ဖို့ ပထမခြေလှမ်း တစ်ခုပဲ ဖြစ်ပါတယ်။

(၂) စိတ်တိုင်းကျတဲ့အထိ စမ်းသပ်မှုတွေ အဆင့်ဆင့်လုပ်ပါ

Photo : The Guardian

အစားအသောက် လုပ်ငန်းရဲ့ အဓိက သော့ချက်က အရည်အသွေးကောင်းမွန်ပြီး စားသုံးသူတွေ စိတ်ကျေနပ်စေတဲ့ အရသာ ကောင်းကောင်းကို ပေးစွမ်းနိုင်ဖို့ ဆိုတာကို အမြဲ သတိရပါ။ ဒါကြောင့် ကိုယ့်ရဲ့ ထုတ်ကုန်ကို ဈေးကွက်ထဲကို မသွင်းမီမှာ အရသာ ၊ အရည်အသွေး ၊ သန့်ရှင်းလက်ဆတ်မှု စတဲ့အရာတွေကို ဦးစားပေးပြီး ကိုယ်တိုင် စိတ်တိုင်းကျတဲ့အထိ စမ်းသပ်မှုတွေ အဆင့်ဆင့် လုပ်ဖို့ လိုပါတယ်။ ကိုယ်တိုင် စိတ်တိုင်း ကျပြီး ကျေနပ်မှုရှိတဲ့ အရည်အသွေးနဲ့ အရသာကို ထိန်းနိုင်ပြီ ဆိုမှ ဈေးကွက်ထဲမှာ ထုတ်ရောင်းဖို့ စတင် သင့်ပါတယ်။

(၃) ကုန်ကျ စရိတ် ကြိုတင် တွက်ချက်ပါ

Photo : iStock

စားသောက်ကုန် လုပ်ငန်း တစ်ခု စတင်မယ်ဆိုရင် ကုန်ကျ စရိတ်နဲ့ အရင်းအနှီး ကိုလည်း ကြိုတင် တွက်ချက် ထားဖို့ လိုပါတယ်။ ကိုယ်ရောင်း ချမယ့် အစားအသောက် နဲ့ ပတ်သတ်တဲ့ ကုန်ကြမ်း ပစ္စည်းတွေ ၊ အသုံး အဆောင်တွေ ၊ လုပ်ငန်းသုံး ဆက်စပ် ပစ္စည်းနဲ့ ထုတ်ပိုးမှု အတွက် ကုန်ကျမယ့် စရိတ်စက အားလုံးကို ကြိုတင် တွက်ချက် ထားဖို့ လိုပါတယ်။ လုပ်ငန်း အတွက် ကုန်ကျ စရိတ်ကို ကြိုတင် တွက်ချက် ထားမယ်ဆိုရင် ဒီလုပ်ငန်းမှာ ကိုယ်ရင်းနှီး မြုပ်နှံမယ့် ဘတ်ဂျက် အနေအထားနဲ့ ပြန်ကိုက်ပြီး တွက်ဆလို့ ရနိုင်မှာ ဖြစ်သလို လိုအပ်ရင် လိုအပ်သလို လိုတိုး ပိုးလျှော့ ချိန်ညှိ လို့လည်း ရနိုင်မှာ ဖြစ်ပါတယ်။

(၄) သေးသေးလေးကနေ စတင်ပါ

Photo : ADAM – The Magazine

အစားအသောက် လုပ်ငန်း တစ်ခု နာမည်ရလာဖို့ အချိန်ကာလ တစ်ခုတော့ ရင်းနှီး မြုပ်နှံ ဖို့ လိုပါတယ်။ လူ သိပြီးသား ထုတ်ကုန်ကို ချဲ့ထွင်တာက ပြဿနာ သိပ်မရှိပေမယ့် အခုမှ လုပ်ငန်းတစ်ခုကို စတင်ထိုးဖောက်ဖို့ ဆိုတာကတော့ နိုင်နိုင် နင်းနင်းနဲ့ ကျစ်ကျစ် လစ်လစ် ဖွဲ့စည်းထားတဲ့ လုပ်ငန်းလည် ပတ်မှု ပုံစံနဲ့ စတင်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်  ခပ်သေးသေး ကနေပဲ စတင်ဖို့ အကြံပြု ချင်ပါတယ်။ နိုင်နိုင် နင်းနင်းနဲ့ စေ့စပ် သေချာစွာ လုပ်ဆောင်နိုင်ဖို့ လုပ်ငန်းကို ခပ်သေးသေးလေးကနေ အရင်ဆုံး စတင်တာဟာ အမြဲတမ်း ကောင်းမွန်တဲ့ အကြံတစ်ခု ဖြစ်ပါတယ်။ တဖြည်းဖြည်း ဈေးကွက်မှာ လူသိများပြီး နာမည် ရလာတာနဲ့ အမျှ ကိုယ့်ရဲ့  လုပ်ငန်းကို တိုးချဲ့ သွား နိုင်ပါတယ်။

ဒါကတော့ အစားအသောက် လုပ်ငန်း တစ်ခု စတင်ဖို့ စဉ်းစားနေတဲ့  ကွီး တို့  မဖြစ်မနေ သိထားသင့်တဲ့ အချက်လေးတွေ ပဲ ဖြစ်ပါတယ်။

Featured Photo : 20 Minuten