ဒီနေ့ခေတ်လို အလုပ်တစ်ခုရဖို့ မလွယ်ကူတဲ့ အချိန်မှာ လက်ရှိအလုပ်က ထွက်ပြီး နောက်ထပ် အလုပ်သစ် တစ်ခုကို ပြောင်းဖို့ဆိုတာဟာ တော်တော်လေးကို စဉ်းစားရကြပ်တဲ့ အနေအထားပါ။ ဒါပေမယ့်လည်း လက်ရှိအလုပ်မှာ စိတ်ပျက်ငြီးငွေ့နေတယ်လို့ ခံစားနေရတယ် ဒါမှမဟုတ် တက်လမ်းမရှိလို့ လစာတိုးဖို့ ကြန့်ကြာနေလို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေရာသစ် ၊ အလုပ်အသစ်တစ်ခုကို ရွေ့ပြောင်းဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ကွီးတို့အတွက် အသုံးဝင်စေမယ့် အကြံဉာဏ်လေးတွေကို ပြောပြပေးပါမယ်။

(၁) အလုပ်ခွင်ပြောင်းမှာလား Career ချိန်းမှာလား ပြန်ဆန်းစစ်ပါ

Photo : Capital Universes

အလုပ်သစ် ပြောင်းမယ်ဆိုရင် အရင်ဆုံး မေးခွန်း ၂ ခု ထွက်လာပါတယ်။ လက်ရှိ လုပ်ကိုင်နေတဲ့ ပရော်ဖက်ရှင်နယ်လမ်းကြောင်းအတိုင်း ဆက်သွားမှာလား ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်း Career ပြောင်းမှာလား ဆိုတာပါပဲ။ လက်ရှိလုပ်နေတဲ့ ကျွမ်းကျင်မှုအလုပ်နဲ့ပဲ နောက်ထပ် အခွင့်အလမ်းပိုများတဲ့ အလုပ်ခွင်နေရာသစ်တစ်ခုကို ပြောင်းမယ်ဆိုရင် သိပ်များများစားစား ပြင်ဆင်စရာ မရှိပေမယ့် Career တစ်ခုလုံးပြောင်းဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အရာရာအသစ်ကနေ ပြန်စရမှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်စရာတွေ အများကြီးရှိလာမှာ ဖြစ်ပါတယ်။

ဘယ်လမ်းကြောင်းကို သွားမှာလဲ ၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုအတွက် ကိုယ့်ကိုယ်ကို ဖြည့်တင်းရမယ့်အရာတွေက ဘာတွေလဲ ၊ ဘဝအတွက် အာမခံချက် ဘယ်လောက်အထိပေးနိုင်လဲ စတဲ့အချက်တွေကို သေချာပြန်ဆန်းစစ်ပြီး မေးခွန်းထုတ်ဖို့ လိုပါတယ်။ ဒါမှလည်း မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုကို တစိုက်မတ်မတ် ဆက်လက်လျောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

(၂) ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချမှတ်ပါ

Photo : Pexels

အလုပ်ပြောင်းမယ် ထိုင်အော်နေပေမယ့် တကယ်မပြောင်းဖြစ်ပဲ လက်ရှိအလုပ်ထဲမှာ ဆက်မျောနေသူတွေ တပုံကြီးရှိပါတယ်။ မှန်ပါတယ် အလုပ်သစ် တစ်ခုကိုပြောင်းဖို့ဆိုတာ ထင်ထားတာထက် ပိုခက်ပါတယ်။ အပြောင်းအလဲတွေ ၊ စိန်ခေါ်မှုသစ်တွေနဲ့ ရင်ဆိုင်ရမှာ ကြောက်လို့ဖြစ်စေ ၊ တည်ငြိမ်နေတဲ့ အခြေအနေတစ်ခုကို လက်လွှတ်ရမှာကြောက်လို့ ဆက်ပြီးမျှောနေကြရသူတွေ စသည်ဖြင့် လူတိုင်း ကိုယ်စီအကြောင်းပြချက်မျိုးစုံနဲ့ အလုပ်မပြောင်းဖြစ်ကြသူတွေ အများကြီး ရှိကြပါတယ်။

ဒီအတွက်ကြောင့် အလုပ်သစ်ပြောင်းမယ် စိတ်ကူးရင် အရင်ဆုံး အလုပ်ပြောင်းဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုရအောင် ကိုယ့်ကိုယ်ကို အဖြေရှာပါ။ ပြီးတဲ့အခါ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချမှတ်ပါ။ ဒီနေ့ခေတ်ကြီးမှာ အလုပ်ခွင်တိုင်း စိန်ခေါ်မှုနဲ့ စွန့်စားမှုတွေ များပါတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကိုအကောင်းဆုံး ပြင်ဆင်ပြီး ရင်ဆိုင်လိုက်ခြင်းကပဲ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေနဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ခံစားရရှိစေနိုင်မှာ ဖြစ်ပါတယ်။

(၃) Expectation တွေ အရမ်းမထားပဲ အကောင်းဆုံး ကြိုးစားပါ

Photo : BetterUp

နယ်ပယ်သစ်တစ်ခုထဲကို စဝင်ချိန်မှာ ဘာကိုမှအရမ်းကြီး ကြိုတင်တွေးတောပြီး Higher Expectations တွေ မထားမိဖို့ အရေးကြီးပါတယ်။ သင်ထင်မှတ်မထားတဲ့ အတွေ့အကြုံအသစ်အဆန်းတွေ ရနိုင်သလို မျှော်လင့်မထားတဲ့ အခက်အခဲနဲ့ ပြဿနာတွေလည်း ရင်ဆိုင်ရနိုင်ပါတယ်။ Expectation တွေ ကြီးကြီးထားပြီး မျှော်လင့်ထားသလို ဖြစ်မလာတဲ့အချိန်မှာ အရာရာက စိတ်ဓာတ်ကျစရာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် သင်ဟာ သင်လုပ်နိုင်တဲ့အရာတွေကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေဖို့ပဲ အရေးကြီးတာပါ။ အတွေ့အကြုံအသစ်တွေကို ကြိုဆိုပါ။ အခက်အခဲတွေကနေ သင်ယူပါ။ အကောင်းဆုံး ကြိုးစားနေခြင်းဟာ အကောင်းဆုံးတွေဖြစ်လာဖို့အတွက် ခြေလှမ်းတစ်ခုဖြစ်ပါတယ်။

(၄) လူမှုဆက်ဆံရေးကွန်ရက်ကို ချဲ့ထွင်ပါ

Photo : Emtrain

အခွင့်အလမ်းကောင်းနဲ့ အောင်မြင်မှုတွေရဖို့ဆိုရင် လူမှုဆက်ဆံရေးကွန်ရက်တစ်ခုတည်းအပေါ်မှာပဲ မှီခိုနေခြင်းကို အထူးရှောင်ကြဉ်ဖို့ လိုပါမယ်။ ပေါင်းသင်းဆက်ဆံရေးမှာ တော်ပြီး အဆက်အသွယ်များသူတွေဟာ အချိတ်အဆက်ကောင်းကောင်းနဲ့ အခွင့်အလမ်းကောင်းတွေကို ရရှိပိုင်ဆိုင်ကြရစမြဲ ဖြစ်ပါတယ်။

ဒါကြောင့် သင်သွားမယ် နယ်ပယ်သစ်ထဲက စီနီယာတွေ လူခံတွေနဲ့ မိတ်ဆွေဖွဲ့ထားပါ။ ခင်မင်ရင်းနှီးရသူတွေရှိရင် အကြံဉာဏ်တောင်းခံပါ။ သူတို့စီက လေ့လာသင်ယူနိုင်သလောက် လေ့လာပါ။ လူမှုဆက်ဆံရေး Network ကို ချဲ့ထွင်တာဟာ သင့်ရဲ့ အလုပ်သစ်ပြောင်းတဲ့ ခရီးစဉ်တစ်လျှောက်မှာ ကောင်းမွန်တဲ့ အထောက်အပံ့နဲ့ အကျိုးပြုမှုတွေ ရရှိလာစေမှာ ဖြစ်ပါတယ်။

Featured Photo : Gallup