တန်ဆောင်တိုင် အားလပ်ရက်လေးမှာ ချစ်ခင်ရတဲ့ မိသားစု ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အမှတ်တရဖြစ်ဖွယ်ရာ အခိုက်အတန့်လေးကို ဖြတ်သန်းချင်သပါလား။ ဒါဆိုရင်တော့ အိမ်တွင်းပါတီ ပွဲလေးကျင်းပတာ အကောင်းဆုံး အကြံတစ်ခု ဖြစ်ပါလိမ့်မယ်။ ကွီးတို့ရဲ့ အားလပ်ရက် အိမ်တွင်းပါတီ လေးကို ပျော်ရွှင်စရာအတိနဲ့ ပြည့်စုံခမ်းနားတဲ့ ပါတီပွဲလေးတစ်ခု ဖြစ်စေဖို့ ပါတီ Tips လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

(၁) လူအများကြီး မဖိတ်ပါနဲ့

Photo : Best Life

အားလပ်ရက်ပါတီလေးဟာ မိသားစုဝင် ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ သိုက်သိုက်ဝန်းဝန်း ကျင်းပမှ ပြည့်စုံတာပါ။ ဒါပေမယ့် လူအများကြီးနဲ့ ပါတီပွဲအကြီးကြီးကျင်းပတာထက် ချစ်ခင်ရသူအနည်းအကျဉ်းနဲ့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းတာက ပိုပြီး ကောင်းပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ အိမ်တွင်းပါတီလေးကို လူအများကြီးမဖိတ်ပဲ မိသားစုဝင် ၊ ဆွေမျိုးသားချင်းတွေနဲ့ ချစ်ခင်ရင်းနှီးရသူ မိတ်ဆွေ အနည်းငယ်ကိုသာ ဖိတ်ဖို့ အကြံပြုချင်ပါတယ်။

(၂) လုံခြုံစိတ်ချမှုရှိအောင် ကြိုတင်ပြင်ဆင်ထားပါ

Photo : The Honeycombers

အိမ်တွင်းပါတီလေးကို ပျော်ပျော်ပါးပါး ဖြတ်သန်းပြီးတာနဲ့ အားလုံးကိုယ့်အိမ်ကို ဘေးကင်းစွာ ပြန်ရောက်ဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ ဖြစ်နိုင်ရင် ပါတီကို ညဉ့်နက်တဲ့အထိ မကျင်းပပဲ ညနေစောစောစပြီး ပါတီကိုစောစောသိမ်းတာ ပိုပြီးကောင်းပါတယ်။ ပါတီမှာ အရက်နဲ့အဖျော်ယမကာတွေ သောက်မယ့်အစီအစဉ်လေးပါရင်လည်း ကားကိုကိုယ်တိုင်မောင်းတာထက် လုံခြုံစိတ်ချရတဲ့ တက်စီ Service တွေကို ကြိုတင်ပြီး ချိတ်ထားပါ။ ပါတီတက်ရောက်မယ့် ဧည့်သည်တွေ ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်ဖို့ ပါတီစီစဉ်သူအနေနဲ့ ကြိုတင်စီစဉ် ပြင်ဆင်ပေးထား သင့်ပါတယ်။

(၃) နေရာထိုင်ခင်းက သက်တောင့်သက်သာ ရှိပါစေ

Photo : The Habitat

အိမ်တွင်းပါတီလေးဆိုပေမယ့်လည်း နေရာထိုင်ခင်းကို သက်တောင့်သက်သာ ဖြစ်စေဖို့ သေချာလေး ပြင်ဆင်ထားဖို့ လိုပါတယ်။ ပါတီတက်ရောက်မယ့် ဧည့်သည့်အရေအတွက်နဲ့အညီ ဆိုဖာတွေ ၊ ထိုင်ခုံတွေကို လုံလုံလောက်လောက် ပြင်ဆင်ထားပါ။ နေအိမ်ခြံဝန်းလေးထဲမှာလည်း အခင်းလေးတွေ ခင်းပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး Outdoor ပါတီလေးကို ဆင်နွဲလို့ရပါတယ်။

(၄) အစားအသောက်အတွက် Back-Up Plan ထားပါ

Photo : Grazia

အိမ်တွင်းပါတီ လေးမှာ အစားအသောက် လောက်လောက်ငှငှရှိဖို့ အရေးကြီးပါတယ်။ BBQ အကင်တွေ ၊ ကိုယ်တိုင်လက်စွမ်းပြချက်ပြုတ်ထားတဲ့ ဟင်းလျာတွေအပြင် ပေါ့ပေါ့ပါးပါး စားလို့ရမယ့် အဆာပြေမုန့်တွေကိုလည်း ပါတီတက်မယ့် ဧည့်သည်အရေအတွက်နဲ့ ကိုက်ပြီး ပြင်ဆင်ထားသင့်ပါတယ်။ Back-Up အနေနဲ့ လိုလာပါက အဆင့်သင့်ဖြစ်နေစေဖို့ စားသောက်ဆိုင်တွေ ၊ Food Delivery Service တွေကိုလည်း ကြိုချိတ်ထားပါ။

(၅) ပျော်စရာ အစီအစဉ်လေးတွေ ထည့်သွင်းပါ

Photo : MB Karaoke Solution

ကွီးတို့ရဲ့ အိမ်တွင်းပါတီ လေးကို ပိုပြီး ပြည့်စုံခမ်းနားသွားစေဖို့ ပျော်စရာအစီအစဉ်လေးတွေကိုလည်း မဖြစ်မနေ ထည့်သင့်ပါတယ်။ အိမ်မှာပဲ ကာရာအိုကေ ဆိုတာ ၊ ရုပ်ရှင်ကြည့်တာ ၊ ပါတီဂိမ်းလေးတွေ ကစားတာ ၊ လက်ဆောင်ပစ္စည်းလေးတွေ အပြန်အလှန်ပေးတာ စသည်ဖြင့် ပျော်စရာကောင်းပြီး အမှတ်ရစေမယ့် အစီအစဉ်လေးတွေကိုလည်း မဖြစ်မနေ ထည့်သွင်းပေးဖို့ လိုပါတယ်။

Featured Photo : Pinterest