ဒိုက်ထိုးခြင်းဟာ အမျိုးသားတွေနဲ့ အကျွမ်းတဝင်ရှိတဲ့ လေ့ကျင့်ခန်းတစ်ခုဆို မမှားနိုင်ပါဘူး။ အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် အမျိုးသားတော်တော်များများ ပြုလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒိုက်ထိုးခြင်းကြောင့် လက်မောင်းကြွက်သားများ အဓိကသန်မာလာမှာဖြစ်ပြီး ရင်အုံကားကားနဲ့ အထာကျတဲ့ သူတစ်ယောက်ဖြစ်လာစေဖို့ ကူညီပေးမယ့်လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်လို့ရတယ် ဆိုပေမယ့်လည်း နည်းစနစ်တကျပြုလုပ်ဖို့နဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းမစတင်မှီ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေလည်း ရှိပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်မယ့် အမျိုးသားတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့အချက်လေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

(၁) လေ့ကျင်ခန်းမစတင်မှီအစားစားခြင်း

Source : Shutterstock

ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်တော့မယ်ဆိုရင် အစားစားချိန်နဲ့ ခပ်ဝေးဝေးအချိန်မှာပဲ ပြုလုပ်သင့်ပါတယ်။ အစားစားပြီးချင်း ဒိုက်ထိုးခြင်းကိုလုံးဝရှောင်ကြဉ်ရပါမယ်။အနည်းဆုံး အစားစားပြီးချိန် (၁)နာရီကြာမှသာ လေ့ကျင့်ခန်းစတင်ပြုလုပ်သင့်တာဖြစ်ပါတယ်။

(၂) တစ်နေ့တည်း အကြိမ်အရေများများ ဒိုက်ထိုးခြင်း

Source : shutterstock.com

တစ်ချို့ယောကျာ်းလေးတော်တော်များများ ကြွက်သားမြန်မြန် တက်ချင်ဇောနဲ့ တစ်နေ့တည်း အကြိမ်အရေများစွာဒိုက်ထိုးတတ်ကြပါတယ်။ အမှန်တော့ အားကစားလုပ်တယ်ဆိုတာ ကောက်ရိုးမီးလုပ်လို့မရပါဘူး။ နေ့စဉ်ပုံမှန်ပြုလုပ်မှသာ ခန္ဓာကိုယ်ကြွက်သားတွေရဲ့ ကြီးထွားနှုန်း တိုးတက်လာမှာဖြစ်ပါတယ်။

(၃) လုပ်နိုင်တဲ့ပမာဏထက်ခန္ဓာကိုယ်ကို ပိုခိုင်းခြင်း

Source : cheatsheet.com

လေ့ကျင်ခန်းလုပ်ရာမှာလည်း စိတ်ရှည်သည်းခံဖို့လိုပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းစစပြုလုပ်မယ့်သူတွေအနေနဲ့ တစ်နေ့ကို ၁၅ ကြိမ်လေးခေါက်လောက်ကနေပဲ စတင်သင့်တာဖြစ်ပြီး နောက်မှ နည်းနည်းစီအကြိမ်အရေတိုးသင့်တာပါ။ ခန္ဓာကိုယ်က ၁၅ကြိမ်သာ တတ်နိုင်ပေမယ့် အတင်းအကျပ်မရမက လုပ်နိုင်တဲ့ အကြိမ်အရေထက် ပိုခိုင်းတာမျိုးတော့ ရှောင်ကြဉ်သင့်ပါတယ်။

(၄) လေ့ကျင့်ခန်းတစ်ကြော့ပြီးတိုင်း အနားမယူခြင်း

Source : der-nappel.de

ဒိုက်ထိုးလေ့ကျင့်ခန်းကို ၁၅ ကြိမ် လေးခေါက်လုပ်မယ်ဆိုပါစို့။ ၁၅ ကြိမ်တစ်ကြော့ပြီးတိုင်း စက္ကန့် ၃၀ ခန့်အနားယူပေးရပါမယ်။ အနားယူနေစဉ်အတွင်း ချွေးတိတ်မှာဆိုးရင်တော့ Cardio ခုန်တဲ့လေ့ကျင့်ခန်းမျိုးတွေ စက္ကန့် (၃၀) ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

(၅) ရေသောက်နည်းခြင်း

Source : Runtastic

ဒိုက်ထိုးလေ့ကျင့်ခန်းမစတင်မှီ နာရီဝက်ခန့်ကြိုပြီး ရေများများ သောက်ထားဖို့လိုပါတယ်။ ဒိုက်ထိုးခြင်းဟာလည်း ချွေးထွက်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက် ရေဓာတ်အလုံအလောက်ရဖို့ ရေများများသောက်ထားပေးရပါမယ်။ လေ့ကျင့်ခန်းပြီးတဲ့အချိန်မှာလည်း ရေသောက်ပေးပါ။ အားကစားလုပ်နေသူတစ်ယောက်အတွက် ရေသောက်နည်းခြင်းကို အတက်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်။