ပါတီဆိုတာက ကွီးတို့ ဘော်ဒါအပေါင်းအသင်းတွေ ၊ ချစ်ခင်ရသူတွေနဲ့ ဆုံပြီး‌ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးနိုင်တဲ့ အခိုက်အတန့်လေး ဖြစ်ပါတယ်။ ပါတီတွေကို လူအများကြီးနဲ့ စည်စည်ကားကား ဆင်နွှဲတာ ပျော်စရာ ကောင်းပေမဲ့ လူနည်းနည်းနဲ့လည်း စိတ်လှုပ်ရှား ပျော်ရွှင်စရာ ပါတီလေး ဖန်တီးလို့ရပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ကွီးတို့အနေနဲ့ အမှန်တကယ် ချစ်ခင်ရသူ ဒါမှမဟုတ် ဘော်ဒါအရင်းအချာတွေနဲ့ ပဲ အပီပျော်ဖို့ ပါတီ လေး ကျင်းပဖို့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါမယ်။

ပါတီအတွက် နေရာ ပြင်ဆင်ပါ

အပီပျော်ဖို့ ပါတီ

Photo : Yardbarker.com

ကွီးတို့ရေ ပါတီတစ်ခု ကျင်းပဖို့အတွက် ဆိုရင် အရင်ဆုံးနေရာကို ရွေးချယ်ရပါမယ်။ လူနည်းနည်းနဲ့ ပါတီလုပ်ဖို့ စဉ်းစားတယ်ဆိုရင် ကောင်းတဲ့အချက်က ကွီးတို့အနေနဲ့ နေရာရွေးချယ်ရ လွယ်ကူတာပါပဲ။ ကိုယ့်ရဲ့ အိမ်မှာပဲ လုပ်မလား ဒါမှမဟုတ် ဟိုတယ်မှာ အခန်းငှားပြီးပဲ လုပ်မလား စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ ကွီးတို့အတွက် သက်တောင့်သက်သာ ဖြစ်စေပြီး လွတ်လွတ်လပ်လပ် ပျော်လို့ရတဲ့ နေရာမျိုးကို ရွေးချယ်ပါ။

အဖျော်ယမကာများနဲ့ အစားအစာတွေကို ပြင်ဆင်ပါ

အပီပျော်ဖို့ ပါတီ

Photo : Concrete Bar

ပါတီမှာ မရှိမဖြစ်လိုအပ်တာကတော့ ဘော်ဒါတွေနဲ့ အတူတကွ စားသောက်ဖို့ အစားအစာတွေနဲ့ အဖျော်ယမကာတွေကိုလည်း သေချာပြင်ဆင်ရပါမယ်။ အစားအစာတွေကို လူနည်းတဲ့အတွက် တစ်ယောက်ချင်းစီ ကြိုက်နှစ်သက်တာလေးတွေကို အလေးထားပြီး ပြင်ဆင်လို့ ရပါတယ်။ ပါတီတစ်ခုမှာ အဖျော်ယမကာ သောက်စရာများက လုံးဝကို မပါမဖြစ်တဲ့ အသက်သွေးကြောပါပဲ။ ဒါကြောင့် ဘယ်အရာကို ပြင်ဆင်ဖို့ မေ့ခဲ့ပါစေ၊ အဖျော်ယမကာတွေကိုတော့ လုံးဝ မေ့လို့မရပါဘူးနော်။

ပါတီမှာ ဖွင့်ဖို့ သီချင်းများ ပြင်ဆင်ထားပါ

party

Photo : Express and Star

ပါတီနဲ့ တေးသီချင်းတွေက ခွဲလို့မရတဲ့ အရာပါ။ တေးဂီတ မပါတဲ့ ပါတီက ဆားမပါတဲ့ ဟင်းလို ပေါ့ရွှတ်ရွှတ် ဖြစ်နေမှာပါ။ ဒါ့အပြင် ကွီးတို့အတွက် အပီပျော်ဖို့ အတွက် ဆိုရင်လည်း ကခုန်ဖို့ မြူးကြွတဲ့ တေးသီချင်းတွေက ပါတီ အတွက် ရွေးချယ်ဖို့လိုပါတယ်။ မြူးကြွတဲ့ သံစဉ်တွေနဲ့ စည်းချက်ညီညီကခုန်ရင်း ကွီးတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ပြီး ပျော်ရွှင်ဖွယ် အချိန်ကောင်းတွေကို စုဆောင်းလိုက်ပါ။ ကွီးတို့ ရွေးချယ်တဲ့ နေရာက အသံလုံပြီး အဆင်ပြေတယ်ဆိုရင် ပိုမိုမြုးကြွစေဖို့ DJ ကိုပါ ထည့်သွင်းလို့ ရပါတယ်။

ပါတီဂိမ်းတွေကို ထည့်သွင်းပါ

party

Photo : BesteWahl.net

ကွီးတို့ရေ ပါတီကို ပိုမို ပွဲစည်စေပြီး အသက်ဝင်ဖို့အတွက် ပါတီဂိမ်းတွေ ထည့်သွင်းခြင်းကလည်း တကယ်ကို စိတ်ကူးကောင်းပါပဲ။ ပါတီမှာ ကစားဖို့အတွက် ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းလေးတွေ ပြင်ဆင်ထားပါ။ ဥပမာ အားဖြင့် Freeze Dance လို ကစားနည်းလေးတွေက ပါတီနဲ့ လိုက်ဖက်ပါတယ်။ ဂိမ်းကို ကစားမယ်ဆိုရင် ပါတီရှိ လူအားလုံးက သီချင်းသံ ရုတ်တရက် မရပ်မခြင်း စည်းချက်အလိုက်ကနေရမှာပါ။ သီချင်းသံ ရပ်သွားတာနဲ့ ခန္ဓာကိုယ်ကပါ ရပ်သွားရမှာ ဖြစ်ပါတယ်။ သတိမထားမိဘဲ နည်းနည်းလေးလှုပ်မိတဲ့ သူက ကစားပွဲထဲက ထွက်ရပါပြီ။ နောက်ဆုံး တစ်ယောက်တည်း ကျန်ခဲ့တဲ့ သူက အနိုင်ရရှိပါပြီ။ ဒါ့အပြင် ဘီယာခွက်တွေနဲ့ ကစားရတဲ့ Beer Pong၊ ရယ်မောစရာတွေ ပြောပြီး အချင်းချင်း မရယ်ရယ်အောင်လုပ်ရတဲ့ ကစားနည်း စသည်တို့လည်း ကစားလို့ရပါတယ်။

ကဲ ကွီးတို့ရော ဘယ်လိုလဲ။ လူနည်းနည်းလေးနဲ့ ပျော်စရာကောင်းတဲ့ ပါတီလေး အခုပဲ ကျင်းပချင်သွားပြီး မဟုတ်လား……

Featured Photo : Luxury Life