ရုပ်ရှင်ထွေလာစထွက်ကတည်းက လူငယ်ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့ပြီး ရုံစတင်တဲ့နေ့မှာလည်း လူကြိုက်များနေတဲ့ ရုပ်ရှင်ကားကတော့ ထိုင်း လူငယ်အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စတင်ရုံတင်နေတာပါ။

ခေါင်းစဉ်ကိုက London Sweeties လို့ အမည်ပေးထားတဲ့အတွက်ကြောင့် ဒီဇာတ်ကားရဲ့ ဆက်တင်နေရာကတော့ Londond မြို့မှာ အခြေတည်တာပဲဖြစ်ပါတယ်။ ထိုင်းလူငယ်လေးတွေ နိုင်ငံရပ်ခြားမှာ သွားနေကြတဲ့အခါ အလွဲလေးတွေကနေ ဟာသလေးဖြစ်အောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူတို့က အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာမပြောတတ်ပေမယ့် နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်နေကြတာပဲဖြစ်ပါတယ်။ တကယ်တော့ ဒီဇာတ်ကားလေးက ယူတတ်မယ်ဆိုရင် ပညာတွေအများကြီးရတဲ့ ဇာတ်ကားလေးပါပဲ။ ကိုယ့်ရဲ့ အင်္ဂလိပ်ဘာသာစကား စွမ်းရည်က မကောင်းမွန်ပေမယ့် အားငယ်တွန့်ဆုတ်ခြင်းမရှိဘဲ ရဲရဲဝံ့ဝံ့ပြောဆိုသင့်တယ်လို့လည်း သင်ခန်းစာပေးနေသလိုပါပဲ။

ဒါပေမဲ့ ရုပ်ရှင်ရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ အချစ်က ဘာသာစကားတွေမလိုအပ်ဘဲ၊ နှလုံးသားနဲ့ နားဆင်ရမယ့် လှပတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကို ဖော်ကျူးထားတာပဲဖြစ်ပါတယ်။ သူ့ဘာသာစကား ကိုယ်နားမလည်၊ ကိုယ့်ဘာသာစကား သူနားမလည်ဖြစ်နေပေမယ့် အချစ်ဆိုတာကို စိတ်ခံစားချက်လေးတွေ၊ အမူအရာလေးတွေနဲ့ တစ်ဖက်လူနားလည်အောင် ဘယ်လိုဖော်ပြသွားလဲဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ တကယ်တော့ အချစ်ဆိုတာအရာက နက်နဲတာကြောင့် ခရေစေ့တွင်းကျ နားလည်ဖို့ဆိုတာ ခက်ခဲပါတယ်။ အရှိကို အရှိအတိုင်း လက်ခံတာ၊ သူ့ရဲ့ဖြစ်တည်မှုလေးကို လက်ခံတာ အကောင်းဆုံးပါပဲ။

ဒီရုပ်ရှင်ဇာတ်ကားက ဟာသနဲ့ ရိုမန့်စ်နဲ့ ပေါင်းစပ်ထားတဲ့ကားဆိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းပြီး ဟာသခန်းတွေကိုလည်း မလိုအပ်ဘဲထည့်ထားတာမျိုးမဟုတ်ဘဲ သူ့နေရာနဲ့သူ ဇာတ်လမ်းဇာတ်ကွက်နဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ထည့်ထားတာကိုလည်း တွေ့ရမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာတွေ ကြုံတွေ့နေရတယ်ဆိုရင် London Sweeties ဆိုတဲ့ ထိုင်းအချစ် ဟာသကားလေးကို သွားကြည့်လိုက်ပါလို့ ညွှန်းလိုက်ချင်ပါတယ်။

ဒီဇာတ်ကားလေးကို ဒီတစ်ပတ်အတွင်း ရုံတင်ထားတဲ့ရုပ်ရှင်ရုံတွေကတော့ Junction City နဲ့ City Mall (St.John) တို့ပဲဖြစ်ပါတယ်။ ပွဲချိန်တွေကတော့ Junction City မှာ တနင်္လာမှ ကြသပတေးနေ့အထိက နေ့လည် ၁၂: ၁၀ ၊ မွန်းလွှဲ ၃ နာရီ၊ ညဘက်ပွဲချိန်တွေကတော့ ၇ : ၄၀ တို့ပဲဖြစ်ပါတယ်။ သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ပွဲချိန်တွေကတော့ ၁၂ :  ၁၀ ၊ ၃ နာရီ၊ ၇ : ၃၅ နဲ့ ၉ : ၅၀ တို့ပဲဖြစ်ပါတယ်။

City Mall (St.John) ရဲ့ ပွဲချိန်တွေကတော့ တနင်္ဂနွေမှ ကြသပတေးနေ့အထိ ပွဲချိန်တွေကတော့ ၁၂ နာရီ၊ ၂ : ၄၀ ၊ ၄ : ၄၅ နဲ့ ၉ : ၄၅ တို့ဖြစ်ကြပြီး သောကြာ၊ စနေပွဲချိန်တွေကတော့ ၁၂ နာရီ၊ ၂ : ၄၀ နဲ့ ၄ : ၄၅ တို့ပဲဖြစ်ပါတယ်။ ကားကောင်းတစ်ကားကို Kwee ရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ လက်လွှတ်သွားမှာစိုးလို့ လက်တို့ပေးလိုက်တယ်နော်။