စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုကို စပြီး လမ်းဖောက်နေတဲ့သူတွေဟာ စွန့်စားခန်းတွေ အများကြီးနဲ့ကြုံရတတ်ပါတယ်။ ဒီလို စွန့်စားခန်းတွေကို ဖြတ်သန်းပြီးမှ လူတိုင်းမရောက်နိုင်တဲ့ နေရာကို ရောက်တတ်တာပါ။ အခုဆောင်းပါးမှာတော့ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုကို စပြီး အကောင်အထည်ဖော်နေချိန်မှာ ကြုံတတ်တဲ့ အခက်အခဲတစ်ချို့အကြောင်း ဖြစ်ပါတယ်။

(၁) လူမှုဘဝအပြောင်းအလဲ

Source: ShutterStock

အလုပ်တစ်ခုကို ကိုယ်တိုင် ဦးစီးလုပ်ကိုင်ရပြီဆိုကတည်းက ပုံမှန်အတိုင်း ဘော်ကြော့ နေလို့မရတော့ပါဘူး။ တစ်ချို့သော နေ့စဉ် လုပ်ရိုးလုပ်ထ ရှိတဲ့ အကျင့်လေးတွေ ဖျောက်ပြီး အကျင့်သစ်မွေးရပါတယ်။ မနက်ဆို အစောကြီး ထရင်လည်း ထရမယ်။ ညဆိုလည်း အလုပ်ပြီးပြတ်မှ အိပ်ရာဝင်ရင် ဝင်ရမယ်။ ကိုယ်မတွေ့ချင်တဲ့ လူတွေနဲ့လည်း တွေ့ဆုံစကားပြောရမယ်။ မတက်ချင်တဲ့ ပွဲတွေ တက်ပြီး မဝတ်ချင်တဲ့ အဝတ်တွေလည်း ဝတ်ကောင်း ဝတ်ရပါလိမ့်မယ်။ တစ်နည်းနည်းနဲ့တော့ ကိုယ့်နေ့စဉ်ဘဝလေး ပြောင်းလဲသွားပါလိမ့်မယ်။

(၂) မသေချာတာတွေ နဲ့ကြုံမယ်

Source: ShutterStock

အလုပ်တစ်ခုကို သူငယ်ချင်းတွေနဲ့စုထောင်ထားတယ်ဆိုပါစို့။ အရင်က အရမ်းချစ်တဲ့ စိတ်တူကိုယ်တူ ဘော်ဒါတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် အလုပ်လုပ်ရင်း သဘောထား ကွဲလွဲတာ ၊ အလုပ်ပေါ် မလေးစားတာတွေကြောင့် ကွဲကြ ပြဲကြနိုင်ပါတယ်။ ဒီလို ကျိန်းသေပေါက် ကြိုတွက်ထားလို့မရနိုင်တာတွေ ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ပထမဆုံး ဝန်ထမ်းတွေ အလုပ်ထွက်သွားတာ ကြုံမယ်။ ဖောက်သည်တွေ မယုံကြည်တာနဲ့လည်း ကြုံနိုင်ပါတယ်။ နောက်ဆုံး ကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ့်မိသားစုက အထင်မကြီးတာ ၊ မယုံကြည်တာတွေပါ ကြုံနိုင်ပါတယ်။

(၃) စည်းရုံးရေး အခက်အခဲ

Source: ShutterStock

အဖွဲ့လိုက် အလုပ်လုပ်ချိန်မှာ Team ကောင်းကောင်းတစ်ခု ဖြစ်အောင် စည်းရုံးရတာ တကယ်ခက်ပါတယ်။ Team တစ်ခု ကောင်းကောင်း ထွက်လာရင်လည်း တကယ့်ကို အလုပ်ဖြစ်ပေမယ့် ဝန်ထမ်းသစ်တွေဟာ ကိုယ့်လို အလုပ်အကိုင်ငယ် Startup ပေါ်မှာ သံသယရှိနိုင်ပါတယ်။ သူတို့လိုချင်တာက သေချာတဲ့ အနာဂါတ်မဟုတ်ဘဲ လောလောဆယ် လစာမှန်မှန်ရဖို့လည်း ဖြစ်နိုင်ပါတယ်။ အကုန်လုံး ကိုယ့်ဘက်ပါဖို့ စည်းရုံးနေချိန်မှာ စုန်းပြူးတစ်ချို့ကိုလည်း အဖွဲ့ကနေ ပြတ်ပြတ်သားသား ချန်ထားဖို့ဖြစ်လာတတ်ပါတယ်။

(၄) ငွေကြေး အစီအမံ

Source: ShutterStock

ပိုက်ဆံက Startup တွေမှာ ပြဿနာ ဖြစ်တတ်ပါတယ်။ တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်တွေ ရပ်ကုန်တာ အဓိကက လုပ်ငန်းမကောင်းလို့မဟုတ်ဘဲ လည်ပတ်ဖို့ငွေကြေး အဆင်မပြေတာကြောင့်က များတတ်ပါတယ်။ ဒီပြဿနာအတွက် အခုခေတ်မှာ Funding ရှာတာတို့လို လုပ်ဆောင်တာတွေတော့ ရှိလာပြီ ဖြစ်လို့ နည်းနည်း သက်သာရာ ရလာပြီ ဖြစ်ပါတယ်။

(၅) တစ်ယောက်တည်း ဖြစ်သွားနိုင်တယ်

Source: ShutterStock

ကိုယ့်အလုပ်ပေါ် မူတည်ပြီး ကိုယ်ဟာ အထီးကျန်သွားနိုင်ပါတယ်။ ကိုယ်စပြီး ဖောက်နေတဲ့ လမ်းကို လူတိုင်းက အားပေးမှာ မဟုတ်ပါဘူး။ တစ်ချို့အလုပ်တွေဟာ သူတို့ရဲ့ သဘောသဘာဝကိုက သာမန်လူတွေ နားလည်ဖို့ခက်ပါတယ်။ လူတွေဟာ သူတို့နားမလည်တဲ့အရာတွေကို ကြောက်တတ်ပါတယ်။ စွန့်ဦးတီထွင် လမ်းဖောက်တဲ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့အရေးကြီးတာက ကိုယ်လုပ်နေတဲ့ လမ်းကို တကယ်သိဖို့နဲ့ကိုယ့်ကိုယ်ကို ယုံနေဖို့ပါပဲ။