ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်နေ့ အချိန်အခါလေးကို ရောက်ဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ ခရစ္စမတ်နေ့လေးမှာ ချစ်ရတဲ့ မိသားစု ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ ပါတီပွဲလေးကျင်းပရတာလည်း တကယ့်ကို ပျော်ရွှင်ကြည်နူးဖွယ်ရာ အခိုက်အတန့်တစ်ခုပါပဲ။ ခရစ္စမတ်ပါတီ ပွဲလေးကို အိမ်မှာပဲ Budget နည်းနည်းနဲ့ ပျော်စရာကောင်းအောင် ဖြတ်သန်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အကြံပြုချက်လေးတွေ သိထားဖို့လိုပါမယ်။

(၁) စာရင်းလုပ်ထားပါ

Photo : Freepik

ခရစ္စမတ်ပါတီ ပွဲလေးအတွက် လိုအပ်တဲ့အရာမှန်သမျှကို ကြိုတင်စာရင်းပြုစု ထားမယ်ဆိုရင် ကွီးတို့ သုံးမယ့် Budget နဲ့ တွက်ချက်ပြီး ချိန်ညှိလို့ရမှာ ဖြစ်ပါတယ်။ ပါတီပွဲအတွက် သုံးမယ့် အလှဆင်ပစ္စည်းတွေ ၊ စားသောက်စရာတွေ ၊ အချိုပွဲနဲ့ အဖျော်ယမကာတွေ စတဲ့ဝယ်ရမယ့် ပစ္စည်းတွေကို ကြိုတင်စာရင်းလုပ်ထားပါ။ ခရစ္စမတ်ပါတီအတွက် စာရင်းရပြီဆိုတာနဲ့ ဦးစားပေး ဝယ်ရမယ့်အရာတွေကို ရွေးထုတ်လိုက်ပါ။ Budget နဲ့ ပြန်ချိန်ကိုက်ပြီး အရေးမကြီးတဲ့ အရာတွေကို ဖယ်ထုတ်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ခန့်မှန်းထားသလောက် ကုန်ကျစရိတ်နဲ့ ပါတီပွဲလေးကို အဆင်ပြေပြေ ကျင်းပနိုင်ပြီပဲ ဖြစ်ပါတယ်။

(၂) လျော့ဈေးရတဲ့နေရာတွေမှာ ဈေးဝယ်ပါ

Photo : Bob Vila

ပါတီအတွက်လိုအပ်မယ့်ပစ္စည်းတွေအားလုံး စာရင်းလုပ်ပြီးပြီဆိုရင်တော့ ဈေးဝယ်ထွက်ရမယ့် အချိန်ရောက်ပါပြီ။ အခုလိုပွဲတော်ကာလတွေမှာ Discount ချတဲ့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ လျော့ဈေးရတဲ့ ရှော့ပင်းစင်တာတွေ ၊ ကုန်တိုက်တွေမှာ ပါတီအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူတာဟာ သာမန်ထက်စာရင် ကုန်ကျစရိတ်ပိုသက်သာပြီး Budget အတွက်အဆင်ပြေစေမှာ ဖြစ်ပါတယ်။

(၃) နေရာထိုင်ခင်းကြိုတင်ပြင်ဆင်ပါ

Photo : Marquee Monkeys

ကွီးတို့ရဲ့ နေအိမ်ခြံဝန်းလေးကတော့ ခရစ္စမတ်ပါတီကျင်းပဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။ နေအိမ်ခြံဝန်းလေးထဲမှာပဲ မိသားစုဝင် ၊ ဘော်ဒါအပေါင်းအသင်းတွေနဲ့ အတူတူ ခရစ္စမတ်ပါတီပွဲလေး ကျင်းပမယ်ဆိုရင် ပါတီတက်မယ့် လူစာရင်းနဲ့အညီ စားပွဲနဲ့ထိုင်ခုံတွေ ကြိုတင်ပြင်ဆင်ပြီးနေရာချထားတာ ကောင်းပါတယ်။ ပါတီအတွက် အလှဆင်ပစ္စည်းနဲ့ မီးလုံးလေးတွေကိုလည်း ပါတီမတိုင်ခင်တစ်ရက်အလိုလောက်ကတည်းက ကြိုတင်ပြင်ဆင်ထားပါ။

(၄) ဘော်ဒါတွေကို တာဝန်ခွဲပေးပါ

Photo : Baggout

ကွီးတို့တစ်ယောက်တည်း ပါတီအတွက် အစအဆုံးပြင်ဆင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ပါတီပွဲလေးကို ကျင်းပမယ်ဆိုရင် တစ်ယောက်တည်း ပြင်ဆင်တာထက် သူငယ်ချင်းတွေနဲ့အတူ တာဝန်အနည်းငယ်စီ ခွဲဝေယူတာက ပိုကောင်းပါတယ်။ ဥပမာ အားဖြင့် ပါတီလာမယ့် သူငယ်ချင်း‌တွေထဲမှာ ဘယ်သူကတော့ စားစရာဟင်းပွဲတစ်မျိုး ၊ ဘယ်သူကတော့ အဆာပြေမုန့် ၊ ဘယ်သူက သောက်စရာ Drink ယူလာခိုင်းတာမျိုး စသည်ဖြင့် တာဝန်ခွဲယူခိုင်းလိုက်ပါ။ တစ်ယောက်တည်းအများကြီး ကုန်ကျတာမျိုးထက် အားလုံးအတူတူ ခွဲဝေအကုန်ကျခံမယ်ဆိုရင် Budget နည်းနည်းနဲ့ ပျော်စရာပါတီလေး ဖြစ်လာမှာဖြစ်ပါတယ်။

(၅) အသေးစား လက်ဆောင်လေးတွေ ပြင်ဆင်ထားပါ

Photo : MyDomaine

ခရစ္စမတ်ပါတီမှာ အချင်းချင်းလေး လက်ဆောင်ပစ္စည်းလေးတွေ ဖလှယ်တာဟာလည်း တကယ့်ကို အမှတ်တရဖြစ်စေမယ့် ချစ်စရာအလေ့အထလေး တစ်ခုဖြစ်ပါတယ်။ လက်ဆောင်ဆိုတာ ဈေးကြီးမှ ၊ တန်ဖိုးကြီးမှ မဟုတ်ပါဘူး။ ကိုယ်တိုင်ဖန်တီးထားတဲ့ Handmade ပစ္စည်းလေးတွေကိုလည်း အမှတ်တရလက်ဆောင်အဖြစ် ပေးနိုင်ပါတယ်။ ကုန်ကျစရိတ်အရမ်းမများပဲ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် အမှတ်တရဖြစ်စေမယ့် အသေးစား လက်ဆောင်ပစ္စည်းလေးတွေလည်း ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Startups.co.uk