ဘော်ဒါတွေနဲ့ Pool ပါတီ လေးကျင်းပဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ကွီးတို့ ဖတ်ထားသင့်ပါတယ်။ Pool ပါတီ ဟာ သာမန်ပါတီပွဲတွေထက် ပိုပြီးပျော်စရာကောင်းတာ မှန်ပေမယ့် ဂရုစိုက်ရမယ့် အချက်တွေလည်း အများကြီး ရှိပါတယ်။ ပါတီရဲ့ ရည်ရွယ်ချက်က အဓိကအားဖြင့် ဘေးကင်းလုံခြုံပြီး ပျော်ရွှင်ရဖို့ မဟုတ်လား။ ဒါကြောင့် ကွီးတို့ရဲ့ Pool ပါတီ ပွဲလေးကို ဘေးကင်းကင်းနဲ့ ပျော်ရွှင်ဖွယ် ပါတီလေးတစ်ခု ဖြစ်စေဖို့ လိုက်နာရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Sunscreen တွေ စီစဉ်ပေးထားပါ

Photo : Freepik

Pool ပါတီကို ညဘက်မှာလုပ်မယ်ဆိုရင် ပြဿနာမရှိပေမယ့် နေပူတဲ့ နွေရာသီလို အချိန်အခါမျိုးနဲ့ နေ့လည်ခင်းတွေမှာ လုပ်မယ်ဆိုရင်တော့ နေလောင်ဒဏ်ကာခရမ်င် အသုံးပြုဖို့ သေချာပေါက် လိုပါတယ်။ နေပူပူထဲ မထွက်ခင်နဲ့ ရေကူးကန်ထဲ မဆင်းခင်မှာ နေလောင်ဒဏ်ကာခရမ်င်ကို အရေပြားအနှံ့ သေချာလေး လိမ်းပါ။ ရေစိုခံတဲ့ Waterproof Sunscreens တွေ လိမ်းပေးရင် ပိုပြီး ကောင်းပါတယ်။

(၂) ရေဓာတ်ဖြည့်အချိုရည်နဲ့ သောက်စရာတွေ ပြင်ဆင်ထားပါ

Photo : YouWorkForThem

ရေကူးကန်ထဲ ကခုန်ဆော့ကစားတဲ့အခါ ချွေးထွက်တာကိုမမြင်ရတဲ့အတွက် ရေဓာတ်မခမ်းခြောက်ဘူးလို့ ထင်ရင်မှားသွားပါလိမ့်မယ်။ အပူ ရှိန်ခပ်ပြင်းပြင်းအောက်မှာ ရေကူးထဲ ကခုန်မယ်ဆိုရင် ခန္ဓာကိုယ်ရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ရေကူးကန်ထဲမှာ အားရပါးရ ဆော့ကစားပြီး ရေဓာတ်ကောင်းကောင်း ပြန်လည်ဖြည့်တင်းနိုင်ဖို့ Sports Drinks ၊ ရေနဲ့ တခြား ရေဓာတ်ဖြည့်ဖျော်ရည်တွေ ပြင်ဆင်ပေးထားဖို့ လိုပါတယ်။ အယ်လ်ကိုဟောပါတဲ့ အဖျော်ယမကာတွေ သောက်သုံးတာကလည်း ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့အတွက် ပါတီမှာ မကြာ ခဏဆိုသလို ရေသောက်တာ ၊ ရေဓာတ်ဖြည့်ဖျော်ရည်တွေ သောက်ပေးတာမျိုး လုပ်သင့်ပါတယ်။

(၃) အနားယူဖို့ နေရာတွေ ပြင်ဆင်ထားရှိပါ

Photo : UV Pools

Pool ပါတီ မှာ ဘယ်သူမှ တောက်လျောက်ကြီး ရေကူးကန်ထဲ ရေစိမ်တာ ၊ ကခုန်တာမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် နေပူရှောင်ဖို့ ၊ နားဖို့ နေရာတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ထီးပါတဲ့ ခုံတန်းတွေ ၊ အရိပ်ရတဲ့ သစ်ပင်အောက် သို့မဟုတ် အဆောက်အဦးအောက်လို နေရာတွေမှာ သက်တောင့်သက်သာ ထိုင်လို့ရမယ့် ခုံတွေ ၊ အနားယူစရာ နေရာလေးတွေကို ပြင်ဆင်ထားရှိ ပေးသင့်ပါတယ်။

(၄) Back Up Plan စီစဉ်ထားပါ

Photo : Go Lifeguarding

သတိဆိုတာ ပိုသည်မရှိ ဆိုတဲ့ စကားလေးကိုလည်း ကြားဖူးပြီးသား ဖြစ်ပါလိမ့်မယ်။ Pool ပါတီ ဖြစ်တဲ့အတွက် သောက်တာစားတာ ၊ အပျော်ပါးကဏ္ဍတွေကနေ တဆင့် ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေ ဖြစ်လာနိုင်တာကြောင့် ရေကူးကျွမ်းကျင်ပြီး ရှေးဦးသူနာပြုနည်းတွေ တက်ကျွမ်းထားတဲ့ Lifeguard ၁ ယောက်လောက် အဆင်သင့်ထားရှိ သင့်ပါတယ်။ အန္တရာယ်ဖြစ်တာ မဖြစ်တာထက် ကြိုတင်ပြီး  Back Up Plan အနေနဲ့ စီစဉ်ထားတာဟာ အမှားမရှိနိုင်ပါဘူး။

(၅) အလွန်အကျွံ မသောက်ဖို့ ထားမြစ်ပါ


Photo : Hotels.ca

Pool ပါတီမှ မဟုတ်ပါဘူး ဘယ်ပါတီမဆို အန္တရာယ်ကင်းကင်းနဲ့ အပြည့်အဝ ပျော်နိုင်ဖို့ အရက်နဲ့ အဖျော်ယမကာတွေကို အလွန်အကျွံ မသောက်မိအောင် ထိန်းဖို့လိုပါတယ်။ Pool ပါတီ မှာက ရေနစ်တာကဲ့သို့ မတော်တဆဖြစ်နိုင်ခြေတွေက ပိုများတဲ့အတွက် အရက်နဲ့ အဖျော် ယမကာတွေကို ပိုပြီး ထိန်းထိန်းသိမ်းသိမ်း သောက်သင့်ပါတယ်။ ပါတီစီစဉ်သူ အနေနဲ့လည်း ပါတီတက်တဲ့ ဘော်ဒါတွေကို အလွန်အကျွံ မသောက်ဖို့ ထားမြစ်သင့်သလို ကိုယ်တိုင်ကလည်း အမူးအကွဲ လူမှန်းသူမှန်းမသိအောင် အပျော်မကြူးဖို့ ထိန်းသိမ်းသင့်ပါတယ်။

Featured Photo : Hotels.ca