ဘဝတစ်လျှောက်လုံးမှာ အနေဖြောင့်ဖို့ ကျွန်တော်တို့ သင်ခဲ့ရတဲ့ သင်ကြားချက်တွေက အများကြီးပါ။ ခန့်မှန်းတွက်ဆလို့ မရတဲ့ ဘဝကွေ့တွေမှာ လှေငယ်လေး တိမ်းမှောက်မသွားရအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆက်ပြီး သင်ကြားရဦးမှာပါပဲ။ ဒီလို ဖြည့်ဆည်းထားရမယ့် အရည်အချင်းတွေထဲမှာ ရှေ့အနာဂါတ်အတွက် လိုအပ်တဲ့ Skills တွေက ဘာတွေ ဖြစ်မလဲ။

ကမ္ဘာတလွှားက ထိပ်တန်းအမှုဆောင် ၅၀၀ ကို အင်တာဗျူးပြီး ရေးထားတဲ့ Business Think: Rules For Getting It Right-Now And No Matter What ဆိုတဲ့ စာအုပ်တစ်အုပ်ရှိပါတယ်။ ဒီစာအုပ်က FranklinCovey လို့ခေါ်တဲ့ ဒေါ်လာသန်း ၅၀၀ တန် ကုမ္ပဏီရဲ့ စီးပွားရေးအသွင်ပြောင်းမှု ခေါင်းဆောင်လည်း ဖြစ် ထုတ်လုပ်ရေးပိုင်း လုပ်ငန်းလည်ပတ်မှုအမှုဆောင်အရာရှိချုပ်လည်း လုပ်ခဲ့သူ ဒေ့ဗ် မာကမ် ၊ စိတ်ပညာနဲ့ စီမံခန့်ခွဲမှုပိုင်းပညာရှင်တစ်ဦး ဖြစ်သူ စတိဗ် စမစ်နဲ့ နာမည်ကျော် Arthur Andersen ၊ Microsoft နဲ့ Walt Disney တို့အတွက် စီးပွားရေးဖွံ့ဖြိုးမှုပိုင်း ကိုင်တွယ်ခဲ့သူ မာဟန် ခယ်လ်ဆာတို့ ၃ ဦးပေါင်း ရေးထားတာပါ။

စာအုပ်တစ်နေရာမှာ မေးခွန်းတစ်ခု ပါလာပါတယ်။ အဲ့ဒါက နောက်လာမယ့် နှစ်နှစ်ကနေ ၅ နှစ်အတွင်း လုပ်ငန်းခွင်မှာ ဘယ်လို Skills တွေက အလိုအပ်ဆုံးနဲ့ တောင်းဆိုမှုအများဆုံး ဖြစ်မလဲ ဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကို ကမ္ဘာတစ်လွှားက အမှုဆောင်အရာရှိ ၅၀၀ က ဖြေဆိုရာမှာ အခုပြောတဲ့ အဖြေတွေ ထွက်လာပါတယ်။ အောက်မှာ သူတို့ဖြေတဲ့ အဖြေတွေထဲက ရာခိုင်နှုန်း အများကနေ အနည်းအလိုက် စဉ်ပြီး ဖော်ပြလိုက်ပါတယ်။

(၁) စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှု – ၆၈%

Business

Photo: Unsplash

Business Skills ထဲမှာ အခြေခံဘောဂဗေဒအသိပညာ ၊ ဒေတာခွဲခြားသုံးသပ်လေ့လာမှုစွမ်းရည် ၊ ဘဏ္ဍာရေးအဝင်/အထွက်သဘော ၊ ဆွေးနွေးညှိနှိုင်းမှု အရည်အချင်း ၊ စီးပွားရေးစီမံခန့်ခွဲမှုအစွမ်း ၊ ခေါင်းဆောင်မှုစွမ်းရည် ၊ ထိရောက်တဲ့ ဆက်ဆံရေးနည်းပညာ ၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ လူမှုကွန်ရက်ချိတ်ဆက်မှု အရည်အချင်းတို့ ပါဝင်ပါတယ်။

(၂) နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု – ၄၂%

Technology

Photo: Unsplash

နည်းပညာခေတ်မှာ Technical Skills မရှိလို့ မဖြစ်ပါဘူး။ နည်းပညာကျွမ်းကျင်မှုဘောင်ကလည်း အကျယ်သား။ ဒီထဲမှာ Programming Language ၊ ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာ သိမြင်နှံ့စပ်မှု ၊ နည်းပညာရေးထုံး ကျွမ်းကျင်မှု ၊ ပရောဂျက်စီမံခန့်ခွဲမှု ၊ ဒေတာသုံးသပ်လေ့လာမှုစွမ်းရည်တို့က အချိန်ရသလောက် လေ့လာရမယ့် ပညာရပ်တွေပဲ ဖြစ်ပါတယ်။

(၃) အလိုက်သင့် ပြောင်းလဲနိုင်စွမ်း – ၃၃%

Thinking

Photo: Unsplash

အပြောင်းအလဲများတဲ့ခေတ်မှာ ခေတ်နဲ့အညီ ပြောင်းလွယ်ပြင်လွယ် ရှိမှုကလည်း သိပ်ကို အရေးပါလာတယ်လို့ ထိပ်တန်းအမှုဆောင်တွေက ယူဆကြပါတယ်။ လုပ်ငန်းပဲ လုပ်လုပ် ၊ နိုင်ငံရေး/လူမှုရေး/ဘဝရပ်တည်ရေးပဲ လုပ်လုပ် ကိစ္စအားလုံးမှာ ဘယ်အချိန်ဘယ်လိုပြောင်းလဲရမလဲ သိမြင်နိုင်စွမ်းရှိသူသာ ရေရှည်မှာ ရှင်သန်ကြီးပွားမှာ ဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် တွန်းတင်နိုင်ခြင်း – ၁၈%

Idea Board

Photo: Unsplash

Self-Motivation ဆိုတာ ဘယ်အခြေအနေရောက်ရောက် ကိုယ်သာ ခေါင်းဆောင်ဆိုတဲ့စိတ်နဲ့ ထက်သန်နိုးကြွစွာ ကိုယ့်ကိုယ်ကိုယ် မောင်းနှင်တာ ဖြစ်ပါတယ်။ တခြားသူရဲ့ ခိုင်းစေဖိအားပေးမှုမလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လေ့လာသင်ယူနိုင်သူ ၊ အကောင်းဆုံးဖြစ်အောင် ရွက်ဆောင်လိုသူဟာ တချိန်မဟုတ်တစ်ချိန်မှာ အောင်မြင်ပေါက်မြောက် အထက်တန်းရောက်မှာ ဖြစ်ပါတယ်။

(၅) ခေါင်းဆောင်မှုစွမ်းရည် – ၄%

Leadership

Photo: Unsplash

တာဝန်ခံမှုများလာတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုတွေက ခေါင်းဆောင်မှုစွမ်းရည်ကို အရင်ကထက် ပိုပြီး တောင်းဆိုမှုရှိလာပါတယ်။ ဘယ်ရောက်ရောက် ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေးနဲ့ အလုပ်လုပ်နိုင်အောင် Leadership Skills တွေ ကိုယ့်မှာ ဖြည့်တင်းထားပါလို့ အကြံပြုချင်ပါတယ်။

Featured Photo: Unsplash