ကွီးတို့အပြင်သွားခါနီး ဗီရိုရှေ့မတ်တပ်ရပ်ကာ ဘာဝတ်ရမလဲတွေးရင်း အချိန်တွေကုန်ဖူးကြလား။ ဗီရိုထဲမှာအင်္ကျီတွေ အများကြီးရှိတယ်လို့ ထင်ရပေမယ့် တကယ်တမ်းဝတ်မယ်ဆိုရင်တော့ ဘာမှရေရေရာရာမရှိတော့တာ ယောကျာ်းလေးအများစုရဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုး စိတ်မညစ်ရလေအောင် ယောကျာ်းလေးတစ်ယောက်ရဲ့ အဝတ်ဗီရိုထဲမှာ ဘယ်လိုမျိုးပစ္စည်းတွေ ရှိထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) Suit ကောင်းကောင်းတစ်စုံ

Source : designtrends

ယောကျာ်းလေးတစ်ယောက်ရဲ့ အဝတ်ဗီရိုထဲမှာ အနည်းဆုံး အနောက်တိုင်း Suit ကောင်းကောင်းတစ်စုံတော့ ရှိထားသင့်ပါတယ်။ လူကြီးလူကောင်းဆန်စွာသွားရမယ့် ပွဲလမ်းသဘင်တွေအတွက် Suit တစ်စုံကတော့ မရှိမဖြစ်လိုအပ်ပါတယ်။

ပွဲတက်စရာကြုံလာမှ ပြေးဝယ်တာထက်စာရင် ကိုယ်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သေချာချုပ်ထားတဲ့ Fitting ကျကျ Suit တစ်စုံ ရှိထားတာ ပိုကောင်းပါတယ်နော်။

(၂) အဖြူရောင်ရှပ်အင်္ကျီ

Source : Ashley Weston

ယောကျာ်းလေးအများစုကို သန့်သန့်ပြန့်ပြန့်နဲ့ စတိုင်မိုက်စေတာ အဖြူရောင်ရှပ်လေးတွေပါ။ ဘောင်းဘီနဲ့ပဲဝတ်မလား ပုဆိုးနဲ့ပဲဝတ်မလား အဆင်ပြေစေတဲ့အတွက် အဖြူရောင်ရှပ် ကောင်းကောင်းလေးတစ်ထည်ဟာလည်း မရှိမဖြစ်လိုအပ်တဲ့အထဲမှာ ပါဝင်ပါတယ်။

လည်ကတုံးကြိုက်ရင် လည်ကတုံး၊ ကော်လံနဲ့ကြိုက်ရင်ကော်လံ မိမိကြိုက်နှစ်သက်ရာရွေးချယ်ဝတ် ဆင်နိုင်ပါတယ်။

(၃) ပြောင်တီရှပ်

Source : Wantee

ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာအတွက် အလိုက်ဖက်ဆုံးဖက်ရှင်လေးတွေကတော့ ပြောင်တီရှပ်လေးတွေပါ။ လူငယ်ဆန်ဆန် ဘောင်းဘီတိုလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်သလို ဘောင်းဘီအရှည်နဲ့ အထာကျကျကွီး တစ်ယောက်အဖြစ်လည်း ဝတ်ဆင်လို့ အဆင်ပြေစေမှာဖြစ်ပါတယ်။

တစ်ခါလေမှာ အရိုးရှင်းဆုံးက အဆန်းဆုံးဖြစ်သွားစေတာကြောင့် ရိုးရိုးရှင်းရှင်း ပြောင်တီရှပ်လေးတွေကလည်း လုံးဝမရှိမဖြစ်ရှိကိုရှိထားသင့်တဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေဖြစ်ပါတယ်။

(၄) ဂျင်းဘောင်းဘီ

Source : Business Insider

အချိန်ရာသီတွေ ဘယ်လိုပဲပြောင်းပြောင်း အမြဲမိုက်နေတဲ့ ဖက်ရှင်တစ်ခုကို ပြောပါဆိုရင်တော့ ဂျင်းဖက်ရှင်ကလွဲရင် တခြားမရှိပါဘူး။ အပြင်ပဲသွားရင်ပဲဖြစ်စေ ပွဲတက်အနေနဲ့ပဲဖြစ်စေ အဆင်ပြေအောင် တွဲဖက်ဝတ်ဆင်နိုင်တဲ့အတွက် ယောကျာ်းလေးတစ်ယောက်ရဲ့ ဗီဒိုထဲမှာ ဂျင်းဘောင်းဘီကလည်းမရှိမဖြစ်လိုအပ်ပါတယ်။

ဒါပေမယ့် အပြဲဒီဇိုင်းတွေပါတဲ့ ဂျင်းဘောင်းဘီတွေထက် ရိုးရိုးရှင်းရှင်းဂျင်းဘောင်းဘီတွေက ဘယ်နေရာသွားသွား ပွဲတိုးစေတယ်ဆိုတာတော့ သိထားဖို့လိုပါမယ်။

(၅) ဘောင်းဘီတို

Source : adrian-rodriguez.net

အခုလိုပူအိုက်တဲ့ရာသီအတွက် အလိုက်ဖက်ဆုံးကတော့ ဘောင်းဘီအတိုဖက်ရှင်လေးတွေပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သွားလာရာမှာ စိတ်လွတ်လပ်လွတ်ရှိစေပြီး ကိုယ့်ကိုယ့်ကိုယုံကြည်မှုအပြည့် ရှိနေစေမှာဖြစ်ပါတယ်။ Chino ဘောင်းဘီ ၊ ဂျင်းဘောင်းဘီ ၊ Sport ဘောင်းဘီ စသည်ဖြင့် မိမိနှစ်သက်ရာဝတ်နိုင်ပါတယ်။

ဒါကြောင့် ဘောင်းဘီတိုဖက်ရှင်ကလည်း ယောကျာ်းလေးတစ်ယောက်ရဲ့ ဗီရိုထဲမှာ ရှိကိုရှိထားသင့်တဲ့ ဖက်ရှင်တစ်ခုပါပဲနော်။

(၆) Accessories ပစ္စည်း

Source : Jim’s Formal Wear Blog

ယောကျာ်းလေးအများစုကတော့ Accessories ပစ္စည်းတွေ ဝတ်ဆင်ရတာ သိပ်သဘောကျကြမယ်မထင်ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ နာရီတစ်လုံး ၊ ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ မျက်မှန်ကောင်းကောင်းတစ်လက် ၊ ခါးပတ် စတဲ့ပစ္စည်းလေးတွေတော့ရှိထားသင့်ပါတယ်။ လက်ပတ်လေးတွေ ၊ ဆွဲကြိုးလေးတွေကြိုက်တဲ့သူတွေအနေနဲ့လည်း မိမိတို့နှစ်သက်ရာ Accessories ပစ္စည်းလေးတွေဝယ်ထားလို့ရပါတယ်။

Accessories ပစ္စည်းလေးတွေက သိပ်အရေးမပါဘူးထင်ရပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဖက်ရှင်ကိုပိုပြီး ထင်ရှားသွားစေတာကြောင့် ရှိထားရင်တော့အကောင်းဆုံးဖြစ်ပါတယ်။