ပါတီပွဲ ဆိုတာ ပျော်ပွဲရွှင်ပွဲတစ်ခု ဆိုတာထက်ကို ပိုပါတယ်။ တကယ်တော့ ပါတီပွဲတစ်ခုဟာ မဆုံတာကြာပြီဖြစ်တဲ့ မိတ်ဆွေအပေါင်း အသင်းတွေနဲ့ ပြန်လည်ဆုံဆည်းကြတဲ့ ပွဲတစ်ခုဖြစ်သလို လူသစ်တွေနဲ့ တွေ့ဆုံပြီး ကိုယ့်ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ပါတီပွဲပဲ ဖြစ်ဖြစ် ၊ Formal ဆန်ဆန် တက်ရတဲ့ ပွဲအခမ်းအနားတွေပဲဖြစ်ဖြစ် အရေးကြီးဆုံးက ပါတီပွဲတစ်ခုတက်တော့မယ်ဆိုရင် ပါတီ ရဲ့ ကျင့်ဝတ်ထုံးတမ်းတွေကို သေချာလေး လိုက်နာဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ပါတီပွဲတစ်ခု တက်ရောက်တဲ့အခါ လိုက်နာရမယ့် အခြေခံအကျဆုံး ကျင့်ဝတ်ထုံးတမ်းတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) ပါတီတက်ဖြစ်ကြောင်း အကြောင်းပြန်ပါ

Photo : Love Connection

ပါတီတက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အခါ ပါတီတက်ဖြစ်တယ်ဆိုရင် တက်ဖြစ်တဲ့အကြောင်းကို ပါတီစီစဉ်သူ ဒါမှမဟုတ် ပါတီဖိတ်ကြားသူထံကို ခပ်မြန်မြန်လေး အကြောင်းပြန်ပေးဖို့ လိုပါတယ်။ ပါတီတက်ရောက်မယ့် လူဦးရေပေါ်မူတည်ပြီး နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ စီစဉ်ရတာဖြစ်တဲ့အတွက် ပါတီစီစဉ်သူတွေ ကြိုတင်ပြင်ဆင်လို့ရအောင် ပါတီ တက်ရောက်ဖြစ်တဲ့အကြောင်း အသိပေးရမှာပါ။ အကယ် ၍ အကြောင်းကိစ္စတစ်ခုခုကြောင့် ပါတီမတက်နိုင်ခဲ့ပါကလည်း အလားတူ ချက်ချင်းအကြောင်းပြန်ပြီး အကျိုးအကြောင်းပြောပြဖို့ လိုပါတယ်။

(၂) ပါတီနဲ့ ကိုက်ညီမှုရှိအောင် ဝတ်ဆင်ပါ

Photo : Ape To Gentleman

ပါတီတက်တဲ့အခါ ဖက်ရှင်နဲ့ ဝတ်စားဆင်ယင်မှုက အရေးကြီးပါတယ်။ တချို့ ပါတီပွဲတွေမှာ သတ်မှတ်ထားတဲ့ Dress Code တွေရှိပါတယ်။ ကိုယ့်အနေနဲ့ Formal ကျကျ Tuxedo လိုဝတ်စုံတွေပဲ ဝတ်ရမလား ၊ ပေါ့ပေါ့ပါးပါး Smart Casual ဖက်ရှင်တွေပဲ ဝတ်ရမလား ဝေခွဲရခက်နေတယ်ဆိုရင် ပါတီ စီစဉ်သူတွေကို သတ်မှတ်ထားတဲ့ Dress Code ရှိမရှိ သေချာအောင်မေးမြန်းပြီး ဖက်ရှင်အတွက် အကြံတောင်းနိုင်ပါတယ်။

(၃) ဖိတ်မထားတဲ့ လူပိုတွေ ခေါ်မသွားပါနဲ့

Photo : Hitched

တချို့ ပါတီဖိတ်စာတွေမှာ လူဘယ်နှစ်ဦး တက်ရောက်ရန်ဆိုတာမျိုး ကန့်သတ်ချက်လေးတွေ ထည့်သွင်းဖော်ပြ ပေးထားပါတယ်။ အကယ်၍ ပါတီဖိတ်စာမှာ တက်ရောက်ရမယ့် လူအရေအတွက် မဖော်ပြထားပါက ပါတီစီစဉ်သူတွေကို တစ်ခါတည်း ကြိုတင်ပြီးမေးထားပါ။ ဧည့်သည်အပို ခေါ်ခွင့်ပြုတယ်ဆိုမှသာ သင့်နဲ့အတူတူ ပါတီတက်စေချင်တဲ့ လူပုဂ္ဂိုလ်ကို ခေါ်သွားတာက ကောင်းပါတယ်။ မဟုတ်ရင်တော့ ပါတီကို ဖိတ်မထားတဲ့ လူပိုတွေ ခေါ်သွားတာက ပါတီစီစဉ်သူနဲ့ အိမ်ရှင်တွေအပေါ်  ယဉ်ကျေးမှုမရှိရာ ကျစေပါတယ်။

(၄) စကားဝိုင်းကို ပေါ့ပေါ့ပါးပါး ရှိပါစေ

Photo : Dreamstime

ပါတီ အတွင်းမှာ စကားဝိုင်းဖွဲ့ကြတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ ခေါင်းစဉ်တွေကိုသာ အဓိက ပြောသင့်ပါတယ်။ အထူးသဖြင့် ကြီးလေးပြီး ငြင်းခုန်ရနိုင်ခြေရှိတဲ့ နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ပါတီမှာရှိတဲ့သူ တစ်ယောက်ယောက်ရဲ့အကြောင်းကို တခြားသူတွေထံ ဖောက်သည်ချပြီး အတင်းအဖျင်းပြောတာမျိုး လုံးဝရှောင်သင့်ပါတယ်။

(၅) အလွန်အကျွံ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ

Photo : EatingWell

ပါတီမှာတည်ခင်းတဲ့ အစားအသောက်တွေကို ကိုယ့်အိမ်မီးဖိုချောင်ထဲက အစားအသောက်တွေလို အလွန်အကျွံ စားသောက်တာမျိုး အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ ပါတီ ကိုလာတဲ့ တခြားသော ဧည့်သည်တွေအတွက်လည်း ကြည့်ပြီး တစ်ကိုယ်စာ အတော်အသင့် ချင့်ချိန်ပြီး စားသောက် ရမှာဖြစ်ပါတယ်။ အရက်နဲ့ အဖျော်ယမကာတွေကိုလည်း မူးသည်အထိ အလွန်အကျွံသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။

(၆) ကျေးဇူးတင်စကားပြောပါ

Photo : Brides

ပါတီကမပြန်ခင် ပါတီစီစဉ်သူတွေကို ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ကြောင်းပြောဖို့ မမေ့ပါနဲ့။ ဒါဟာ ယဉ်ကျေးပျူငှာမှုကို ဖော်ပြနေတဲ့ ကျင့်ဝတ်ကောင်းတစ်ခု ဖြစ်ပါတယ်။ ပါတီအတွင်းက အမူအကျင့်နဲ့ လက္ခဏာတွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်စေတာကြောင့် ကိုယ့်ရဲ့ ပုံရိပ်ကို ကောင်းမွန်တဲ့ အမူအကျင့်တွေနဲ့ တည်ဆောက်ဖို့ လိုပါတယ်။

Featured Photo : Denomades