အလုပ်တာဝန်များသည် စိတ်ဖိစီးစရာများနှင့် ပြည့်နှက်နေတာ ဖြစ်ပါတယ်။ ရာထူးပိုကြီးလေ တာဝန်ယူရတဲ့အရာ ပိုများလေဖြစ်ပြီး စိတ်ဖိစီးစရာများလည်း ပိုများတတ်ပါတယ်။ အပြင်အလုပ်တွေသည် စိတ်ဖိစီးစေသလို အိမ်အလုပ်များသည်လည်း စိတ်ဖိစီးစေတာ ဖြစ်ပါတယ်။ အိမ်ထောင် တစ်ခု ရေရှည်တည်မြဲဖို့ဆိုရင် လက်တွဲဖော်နှစ်ဦးသား အိမ်ထောင့်တာဝန်များကို ဘယ်လို ခွဲဝေ ယူကြသလဲဆိုတဲ့ အပေါ်မှာ များစွာ မူတည်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အပေးအယူမမျှဘဲ တစ်ယောက်တည်းကပဲ အိမ်အလုပ်တွေကို သိမ်းကြုံးလုပ်ရတဲ့အခါ တစ်ဖက်သားအပေါ်မှာ ချစ်စိတ်များ လျော့ပါးလာပြီး အမြင်စောင်းကာ နာကျည်းမုန်းတီးမှုများ ပိုလာနိုင်ပါတယ်။

လင်ရယ် မယားရယ်လို့ ဖြစ်လာတဲ့အခါ မောင် တစ်ထမ်း၊ မယ် တစ်ရွက် ဆိုတဲ့စကားအတိုင်း နှစ်ဦးသားသည် တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှနေဖို့လိုအပ်ပါတယ်။ လင်ယောကျာ်းတစ်ယောက်တည်းကပဲ အိမ်ပြင်ထွက် အလုပ်လုပ်ပြီး အိမ်သူသက်ထားက အိမ်အလုပ်များကို မလုပ်ဘဲနေတယ်ဆိုရင်လည်း ထိုအိမ်ထောင်သည် ရေရှည်ခိုင်မြဲမှာမဟုတ်သလို ဇနီးမယားဖြစ်သူတစ်ယောက်တည်းကပဲ အိမ်အလုပ်တွေ သိမ်းကြုံးလုပ်နေရတဲ့အခါမှာလည်း ထိုအိမ်ထောင်သည် မြဲမှာမဟုတ်ပါဘူး။

အိမ်ထောင် ခွဲဝေ

Photo: Crosswalk

၂၀၁၆ ခုနှစ်က လေ့လာထားတဲ့ သုတေသနလေ့လာချက်အရ ၅၆ ရာခိုင်နှုန်းသော မင်္ဂလာစုံတွဲများသည် သူတို့ရဲ့ အိမ်ထောင်မှာ အရေးအကြီးဆုံးအရာတစ်ခုသည် အိမ်ထောာင့်တာဝန်များ ခွဲဝေယူခြင်းပဲဖြစ်တယ်လို့ ပြောကြားထားကြပါတယ်။ ထိုသုတေသနစစ်တမ်းအရ ၄၁ ရာခိုင်နှုန်းသော အမျိုးသမီးများသည် သူတို့ချည်းပဲ အိမ်အလုပ်များကို ဒိုင်ခံ ပြုလုပ်နေရတာဖြစ်ပါတယ်။ ၈ ရာခိုင်နှုန်းသော အမျိုးသားများကတော့ အိမ်အလုပ်များကို သူတို့လက်တွဲဖော်မပါဘဲ ပြုလုပ်နေကြရပါတယ်။ မိန်းမဖြစ်သူရော၊ ယောကျာ်းဖြစ်သူပါ အပြင်မှာ အလုပ်ထွက်လုပ်နေရသူများကတော့ အိမ်ထောင့်တာဝန်များကို အညီအမျှ ခွဲဝေယူကြတယ်လို့ သိရှိရပါတယ်။

အိမ်ထောင် တစ်ခု ခိုင်မြဲဖို့ရန်အတွက် အိမ်ထောင့်တာဝန်များကို ဘယ်လို ခွဲဝေ ယူကြမလဲ

အိမ်ထောင် ခွဲဝေ

Photo: Inspirationfeed

အိမ်ထောင် တစ်ခုတွင် ကိုယ်ကာယအလုပ်နှင့် စိတ်စွမ်းအားအလုပ်ဆိုပြီး နှစ်မျိုး ခွဲခြားထားနိုင်ပါတယ်။ ကိုယ်ကာယအလုပ်ဆိုတာကတော့ အမှိုက်ထုပ်များ ပစ်ခြင်း၊ မီးပူတိုက်၊ အဝတ်လျှော်၊ ပန်းကန်ဆေး အစရှိတဲ့ အလုပ်တွေဖြစ်ပြီး စိတ်ဖြင့် အလုပ်လုပ်ခြင်းဆိုတာကတော့ အိမ်မှာ အဝတ်လျှော်ဆပ်ပြာကုန်နေရင် ဝယ်ဖို့ စာရင်းပြုစုခြင်း၊ အခြားသော ပစ္စည်းပစ္စယများ ကုန်သွားတဲ့အခါ ဝယ်ဖို့သတိပေးခြင်း၊ ခရီးသွားခါနီးမှာ အဝတ်အစားများ ထုပ်ပိုးပြင်ဆင်ပေးခြင်း အစရှိတဲ့အလုပ်တွေပဲဖြစ်ပါတယ်။

တကယ်လို့ သင် တစ်ယောက်တည်းကပဲ ထိုအလုပ်များကို ပြုလုပ်နေရတယ်လို့ စဉ်းစားကြည့်လိုက်ပါ။ စိတ်ဖိစီးစရာပဲမဟုတ်လား။ Multitasking ပြုလုပ်ခြင်းသည် ကိုယ့်ရဲ့ Productivity ကို ကျဆင်းစေပြီး စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်ဆိုတာကို လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။

အိမ်ထောင် တစ်ခု ထာဝစဉ် တည်တံ့ခိုင်မြဲဖို့ဆိုရင် အိမ်ထောင့်တာဝန် များကို မဖြစ်မနေ ခွဲဝေ ယူဖို့လိုအပ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပါ

အိမ်ထောင် ခွဲဝေ

“နင်၊ ငါ” အစရှိတဲ့ စကားလုံးမျိုးကို ရှောင်ကြဉ်ပြီး “ငါတို့၊ ချစ်တို့၊ ကိုယ်တို့” အစရှိတဲ့ စကားလုံးများဖြင့် နှစ်ယောက်သား Team Work ကို တည်ဆောက်ဖို့လိုအပ်ပါတယ်။ နှစ်ယောက် တစ်ကမ္ဘာ တည်ဆောက်ကြတာဖြစ်တဲ့အတွက်ကြောင့် ငါ တကော ကောနေလို့မရပါဘူး။ ဒါ့အပြင် မတော်တဆ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါကလည်း တစ်ယောက်ကို တစ်ယောက် အပြစ်ဖွဲ့ခြင်း၊ အပြစ်တင်ခြင်းမျိုး မပြုလုပ်ဘဲ ပြေပြေလည်လည်နှင့် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သင့်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ အတိတ်က အမှားတွေ၊ နာကျင်စရာတွေကို ပြန်လည်တူးဆွခြင်းတွေပဲ ဖြစ်ပါတယ်။ စိတ်တိုဒေါသထွက်ချိန်မှာ ကျနော်တို့လူသားတွေသည် တစ်ဖက်သားကို နာကျင်ချင်စိတ်ဖြင့် ထိုးနှက်မိတတ်ကြပါတယ်။ ထိုအချိန်မှာ ချစ်တာတွေ မေတ္တာတွေလည်း မရှိတတ်ကြတော့ပါဘူး။ သို့သော် ဒေါသများ ပြေပျောက်ချိန်မှာတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအကျင့်ဆိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အိမ်ထောင့်တာဝန်များကို သေသေချာချာ ခွဲဝေယူပါ

couple diving household chores

Photo: Leifheit

ထမင်း၊ ဟင်းချက်ပြုတ်တာကို ဘယ်သူ ဝါသနာပါသလဲ။ ဝါသနာပါတဲ့သူက ထိုတာဝန်ယူလိုက်ပါ။ အဝတ်လျှော်၊ မီးပူတိုက်၊ အိပ်ရာပြင်ဆင်ခြင်း၊ ရေချိုးခန်း၊ အိမ်သာ သန့်ရှင်းရေး ပုံမှန်ပြုလုပ်ခြင်း၊ ကလေးများဖြင့် အတူ ဆော့ကစားခြင်း၊ ကလေးများကို အိပ်ရာသိပ်ခြင်း အစရှိသဖြင့် များမြှောင်လှတဲ့ အိမ်အလုပ်များကို သူ တစ်ဝက် ကိုယ် တစ်ဝက် ခွဲယူကာ အပေးအယူမျှမျှဖြင့် လုပ်ဆောင်သင့်ပါတယ်။

ထိုကဲ့သို့ တာဝန်ခွဲယူတဲ့အခါမှာလည်း သူ မုန်းတဲ့အလုပ်တွေ ကိုယ် မုန်းတဲ့အလုပ်တွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်သင့်ပါတယ်။ ဒါမှ တစ်ဖက်လူလည်း သူ လုပ်ရတဲ့အလုပ်ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြုလုပ်နိုင်မှာမဟုတ်လား။

ကလေးများကိုလည်း အိမ်အလုပ် ခိုင်းပါ

child helping her dad

Photo: Pbs

ကျနော်တို့ ယဉ်ကျေးမှု လူ့အသိုင်းအဝိုင်းထဲတွင် မိဘများသည် ကလေးသူငယ်များကို အိမ်အလုပ်ခိုင်းတာ နည်းပါတယ်။ ယုတ်အစွဆုံး ကလေးတွေ စားထားတဲ့ ထမင်းပန်းကန်ကိုတောင် သူတို့ကို ပေးမဆေးတာမျိုးပါ။ ဒီကြားထဲမှာ အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်တွေက အလိုလိုက်ရင် ပိုဆိုးပါတယ်။ ကြာလာတဲ့အခါ ကလေးသည် ကိုယ့်အားကိုယ်ကိုးချင်စိတ် မရှိတော့ဘဲ လူ့ဘော်ကြော့တစ်ယောက်ဖြစ်လာပါလိမ့်မယ်။

မိဘကောင်းဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ကလေးကို သေချာဆုံးမ သွန်သင်ပြီး ခိုင်းသင့်တန် ခိုင်းရပါလိမ့်မယ်။ ခိုင်းတယ်ဆိုတဲ့နေရာမှာလည်း သူတို့အရွယ်နဲ့ လိုက်ဖက်တဲ့ အလုပ်တွေကိုသာ လုပ်ခိုင်းရမှာဖြစ်ပါတယ်။ ကလေးတွေက တစ်ခုခု အမှားပြုလုပ်မိတဲ့အခါမှာလည်း နင်းကန်ဆူတာမျိုး မပြုလုပ်သင့်ပါဘူး။ သူတို့ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်စိတ်များ ပျောက်ဆုံးသွားပါလိမ့်မယ်။

အဖေရော အမေရာ ကလေးတွေပါ တက်ညီလက်ညီနဲ့ အပေးအယူမျှကြတဲ့အခါ သာယာပျော်ရွှင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Theriveter

Featured Image: Focusonthefamily