ကမ္ဘာပေါ်က အကြီးဆုံးတိုက်ကြီးတစ်တိုက်ဖြစ်တဲ့ အာရှဟာ ယဉ်ကျေးမှု အနုလက်ရာအပြင် စားသောက်ဖွယ်ရာအစုံအလင်ကြောင့်ပါ ကမ္ဘာကျော်ပါတယ်။ ဒါကြောင့်ပဲ William Reed Business Media က ဦးစီးပြီး အာရှတလွှား အကောင်းဆုံး စားသောက်ဆိုင် ၅၀ The Asia’s 50 Best Restaurants List အဖြစ် ကမ္ဘာလှည့် Foodie တို့အတွက် အကောင်းဆုံး အာရှ စားသောက်ဆိုင် စာရင်းကို နှစ်စဉ် တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

The Asia’s 50 Best Restaurants List ကို အာရှတိုက်အတွင်းက စားသောက်ဆိုင်နယ်ပယ်မှာ ထိပ်တန်းဦးဆောင်သူ ၃၀၀ ကျော် ပါဝင်တဲ့ The Asia’s 50 Best Restaurants Academy က ဖန်တီးခဲ့တာပါ။ ဒီ Expert တစ်ဦးချင်းစီဟာ အာရှစားသောက်ဆိုင်မြင်ကွင်းဆိုင်ရာ ကျွမ်းကျင်ရာအလိုက် ရွေးထုတ်မဲပေးခဲ့တာပါ။ The Asia’s Best Restaurants ကို အိန္ဒိယ နဲ့ တိုက်ငယ်အခွဲ ၊ အရှေ့တောင် အာရှ – တောင်ပိုင်း ၊ အရှေ့တောင် အာရှ – မြောက်ပိုင်း ၊ ဟောင်ကောင် / ထိုင်ဝမ် နဲ့ မကာအို ၊ တရုတ်ပြည်မကြီး နဲ့ ကိုရီးယား ၊ ဂျပန်ဆိုပြီး ဒေသ ၆ ခုကနေ မဲပေးတာ ဖြစ်ပါတယ်။

Restaurants

Photo : theworlds50best

၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် ၅၀ The World’s 50 Best Restaurants နဲ့ ၂၀၁၃ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တဲ့ လက်တင်အမေရိကရဲ့ အကောင်းဆုံး စားသောက်ဆိုင် ၅၀ Latin America’s 50 Best Restaurants တို့ကို ထုတ်ဝေခဲ့တဲ့ William Reed အဖွဲ့အစည်းကပဲ The Asia’s 50 Best Restaurants List ကို ထုတ်ခဲ့တာ ဖြစ်ပါတယ်။ The Asia’s 50 Best Restaurants စာရင်းကိုလည်း ၂၀၁၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာပါ။

၂၀၂၂ မတ်လ ၂၉ ရက်နေ့မှာ ကျင်းပသွားတဲ့ The Asia’s 50 Best Restaurants List ဟာ ၁၀ ကြိမ်မြောက် တည်းဖြတ်မှု ဖြစ်ပြီး အကောင်းဆုံး စားသောက်ဆိုင် ရွေးပွဲကို ဘန်ကောက်မြို့ Pullman ၊ မကာအို Wynn ဟိုတယ် နဲ့ တိုကျို Palace Hotel Tokyo တို့မှာ ကျင်းပသွားခဲ့တာပါ။ ဒီနှစ် The Asia’s 50 Best Restaurants List မှာ ထူးခြားတဲ့ Special Awards ဆုတွေလည်း ပေးခဲ့ပါတယ်။

The Asia’s 50 Best Restaurants Awards မှာ Best Pastry Chef Award ရခဲ့တဲ့ Natsuko Shoji ဟာ ဒီနှစ်ရဲ့ အကောင်းဆုံး အမျိုးသမီးစားဖိုမှူးဆု Best Female Chef ရခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ၂၀၁၄ ခုနှစ်မှာ Ete’ စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တဲ့ သူမဟာ 50 Best သမိုင်းမှာ အချက်အပြုတ်ဆိုင်ရာ အကောင်းဆုံး ဆုကြီး ၂ ဆုကို ရတဲ့ ပထမဆုံး Chef လည်း ဖြစ်လာခဲ့ပါတယ်။

ကဲ.. ဒီတစ်ခေါက်တော့ The Asia’s 50 Best Restaurants List ဘက် လှည့်လိုက်ရအောင်ပါ။

(၁) Den – တိုကျို

Den-Interior

Photo : theworlds50best

စားဖိုမှူး Zaiyu Hasegawa က ၂၀၀၇ ခုနှစ်မှာ Den ဆိုတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီစားသောက်ဆိုင်ဟာ The Asia’s 50 Best Restaurants မဲပေးရေး အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အာရှ စားသောက်ဆိုင်များ စာရင်းမှာ နံပါတ် ၃၇ နေရာက ရပ်တည်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ Den ဟာ The Asia’s 50 Best Restaurants ရဲ့ The Best Restaurant In Asia 2022 အကောင်းဆုံး စားသောက်ဆိုင် ဆုရ ပထမဆုံး ဂျပန်စားသောက်ဆိုင် ဖြစ်လာခဲ့ပါတယ်။

(၂) Sorn – ဘန်ကောက်

Sorn-Interior

Photo : theworlds50best

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ အထင်ကရ တောင်ပိုင်းထိုင်းစားသောက်ဆိုင် Sorn ကို Book လုပ်ဖို့ အခက်ဆုံး ထိုင်းနိုင်ငံက စားသောက်ဆိုင်အဖြစ်လည်း ညွှန်းကြပါတယ်။ ဒီဆိုင်က သူ့ရဲ့ စားသောက်ဖွယ်ရာ နဲ့ တည်ခင်းဧည့်ခံမှုကို စင်းလုံးချော အပြစ်ပြောစရာမရှိအောင် စီမံထားတာကြောင့် ဖြစ်ပါတယ်။ ဟင်းတိုင်းကို ပူပူနွေးနွေး စားလို့ ရအောင် ဖန်တီးထားပြီး စားဖိုမှူး Supaksorn Ice Jongsiri က ဟင်းလက်ရာတိုင်းအတွက် စိတ်ကြိုက်ပြင်ဆင်ပါတယ်။ အထူးသဖြင့် Kan Chu Piang လို့ ခေါ်တဲ့ ပန်းဂဏန်းဟင်းလျာက ဒီဆိုင်ရဲ့ နာမည်ကြီး အစားအသောက်တစ်ခုပါပဲ။

(၃) Florilège – တိုကျို

Florilege-Interior

Photo : theworlds50best

ပြင်သစ်ဟင်းလျာတွေကို လက်ရာကောင်းကောင်းနဲ့ ဒေသရနံ့ ပါအောင် ချက်နိုင်တဲ့ Hiroyasu Kawate နဲ့ သူ့ရဲ့ စားဖိုမှူး တစ်စုတို့ရဲ့ လက်ရာကို မြည်းစမ်းနိုင်မယ့် ဆိုင်ပါ။ စားဖိုမှူး Kawate ရဲ့ လက်ရာထဲမှာ ၁၃ နှစ်သား နွားထီးသားနဲ့ ချက်ထားတဲ့ Sustainability Beef အမဲသားပြားလွှာဟင်းက နာမည်ကြီးပါတယ်။

(၄) Le Du – ဘန်ကောက်

Le-Du-Dish-2

Photo : theworlds50best

အာရှအစားအသောက်တွေထဲမှာ ထိုင်းအစားအစာတွေက ထိပ်တန်းကျ ကျော်ကြားလှပါတယ်။ Le Du ဆိုတာ ထိုင်းစကားအရ ရာသီ Season ကနေ ဆင်းသက်လာတာပါ။ ဒေသထွက် အစားအသောက်တွေကို ပြင်သစ်စတိုင် စီမံထားတာ ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ စားဖိုမှူးကတော့ Thitid Ton Tassanakajohn ဖြစ်ပြီး အမေရိကန်အချက်အပြုတ်အင်စတီကျူ့ဒ် Culinary Institute Of America ကျောင်းကနေ အချက်အပြုတ်သင်လာတာပါ။

(၅) The Chairman – ဟောင်ကောင်

The-Chairman-Dish-2

Photo : theworlds50best

တရုတ်စားဖိုမှူးတွေရဲ့ ထူးခြားတဲ့ လက်ရာကြောင့် The Chairman ဟာ ၂၀၂၁ ခုနှစ်အတွက် Asia’s 50 Best Restaurants မှာ နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင် စားသောက်ဆိုင်တွေထဲမှာ အာရှ အကောင်းဆုံး စားသောက်ဆိုင် ဆုရတဲ့ ပထမဆုံးဆိုင်လည်း ဖြစ်ပါတယ်။

Featured Photo : Time Out