ကျွန်တော်တို့ ခေတ်ရဲ့ ရှားပါးမှုတွေထဲမှာ ကိုယ်နဲ့ ကိုယ့် မိသားစု အတွက် အချိန်ပေး စရာမရှိတာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လက်က မချနိုင်အောင် စွဲလမ်းလာတဲ့ စမတ်ဖုန်း ၊ ဆိုရှယ်မီဒီယာ ၊ ဗွီဒီယိုဂိမ်းနဲ့ ဖျော်ဖြေရေးတွေ ၊ တရစပ် လုပ်နေရတဲ့ အလုပ်အကိုင်အခြေအနေနဲ့ အပြေးအလွှား မနားတမ်း လည်ပတ်နေတဲ့ နေ့စဉ်ဘဝတွေရယ်က လူတွေကို အချိန် ပိုရှားလာစေတယ်လို့ နိုင်ပါတယ်။

မိသားစုအတွက်ရော ကိုယ့်ရဲ့ ဝါသနာ ၊ တိုးတက်မှုနဲ့ ဖွံ့ဖြိုးရေးအတွက်ပါ အချိန်မပေးနိုင်တာဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာနေပါတယ်။ အထူးသဖြင့် မိသားစုနဲ့ အတူတူ တစ်အိမ်တည်း နေတာတောင် တစ်ယောက်ကို တစ်ယောက် နွေးနွေးထွေးထွေး နီးနီးကပ်ကပ် မနေနိုင်တော့တာဟာ စိတ်ပူစရာ ခေတ်သစ်ပြဿနာတစ်ခုပါပဲ။

မေတ္တာနဲ့ အပြန်အလှန်စောင့်ရှောက်မှုပေးတဲ့ အသိုင်းအဝိုင်းနဲ့ အဆက်အစပ်သိပ်မရှိတော့တာဟာ ရေရှည်မှာ ဆိုးဝါးတဲ့ လူမှုရေးနဲ့ တစ်ကိုယ်ရည်ဆိုင်ရာ ပြဿနာတွေကို ဦးတည်နိုင်ပါတယ်။ မိသားစုအတွက် ဘာကြောင့် သီးသန့်အချိန်ပေးသင့်သလဲလို့ မေးရင် အခုလို အကြောင်းပြချက်တွေ ထွက်လာနိုင်ပါတယ်။

(၁) အပြန်အလှန် နားလည်မှု ၊ သံယောဇဉ်နဲ့ ပံ့ပိုးမှု ပိုရှိလာမယ်

Happy

Photo : Pexels

ဘယ်လောက်ပဲ ရုပ်ဝတ္ထုပစ္စည်းတွေ ထောက်ပံ့ ထောက်ပံ့ ၊ တစ်ယောက်အတွက် ကျန်တစ်ယောက်က အချိန်ဖဲ့ပေးပြီး အရေးတယူဆက်သွယ်ပေးမှု မရှိတော့ရင် အဓိပ္ပါယ်မဲ့တဲ့ မိသားစုဘဝဖြစ်လာတတ်ပါတယ်။ မိသားစုဝင်အချင်းချင်း ပုံမှန်ထိတွေ့ ဆက်ဆံမှုရှိခြင်းက ဆက်သွယ်မှုကို ပိုပြီး ချိတ်ဆက်ခိုင်မာလာစေနိုင်သလို တစ်ယောက်ပြဿနာ တစ်ယောက် ပိုနားလည်ပြီး လိုအပ်သလို ကူညီဖြေရှင်းပေးလာနိုင်ပါမယ်။ တစ်ဦးနဲ့ တစ်ဦး သံယောဇဉ် ပိုမြဲပြီး ပိုချစ်ခင် စည်းလုံးတဲ့ မိသားစုဘဝကို ပိုင်ဆိုင်လာနိုင်ပါတယ်။

(၂) မိသားစု တန်ဖိုးကို ပိုသိလာမယ်

Picnic

Photo : Pexels

မိသားစုတစ်ခုရဲ့ တန်ဖိုးဆိုတာ လူတစ်ယောက်ရဲ့ အရေးကြီးဆုံး စံတန်ဖိုးတွေထဲက တစ်ခုပါပဲ။ ကားတစ်စီး ၊ တိုက်တစ်လုံးရဲ့ တန်ဖိုးထက် မိသားစုတန်ဖိုးဆိုတာ ဖြတ်လို့မရအောင် ပိုတန်ဖိုးကြီးပါတယ်။ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်တာဟာ မိသားစုမေတ္တာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မေတ္တာထား ဖေးမတာဟာ မိသားစုဘဝပါပဲ။

တစ်ယောက်ပြဿနာဟာ နောက်တစ်ယောက်အတွက် ကူညီဖြေရှင်းပေးစရာကိစ္စဟာ မိသားစုလက္ခဏာပါပဲ။ ဒီလိုမျိုး မေတ္တာနဲ့ ထုံးလွှမ်းနေတဲ့ မိသားစုဘဝကို ကိုယ်တိုင်ခံစားနိုင်ဖို့ဆို ကိုယ့်မှာ ဘယ်လောက်ပဲ အချိန်ရှားရှား မိသားစုအတွက် အချိန်ချန်ထားဖို့ လိုပါတယ်။ တစ်ပတ်မှာ အနည်းဆုံး တစ်ရက်လောက်တော့ မိသားစုအတူတူ ပျော်ပျော်ပါးပါး လျှောက်လည်တာကနေ ပုံမှန် ညစာအတူစားမှုလေးတွေအထိ အချိန်ပေးနိုင်မှပဲ မိသားစုဘဝနဲ့ မိသားစုတန်ဖိုးကို ပိုနားလည်လာနိုင်မှာ ဖြစ်ပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ ပိုချမ်းသာလာမယ်

Family

Photo : Pexels

အဖေ ၊ အမေရဲ့ မေတ္တာနဲ့ ယုယမှုမရတဲ့ သားသမီးတွေဟာ စိတ်လုံခြုံမှု နည်းပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ များပါတယ်။ မိသားစုနဲ့ မကင်းမကွာ အတူတူ ရှိနေပေးတာဟာ ကလေးတွေအဖို့ သူတို့ လိုအင်နဲ့ ပြဿနာတွေကို အတူတူဖြေရှင်းပေးဖို့ ဘေးကင်းစိတ်ချမ်းသာတဲ့ ရင်ခွင်တစ်ခု ဖန်တီးလိုက်တာလည်း ဖြစ်ပါတယ်။ မိသားစုရဲ့ မေတ္တာကို ရရှိတဲ့ ကလေးဟာ ဘဝမှာ ကြုံရတဲ့ ပြဿနာတွေကိုလည်း မျှတတော်တည့်တဲ့ စိတ်ထားနဲ့ ဖြေရှင်းသွားနိုင်မှာပါ။ ဒီလိုပါပဲ။ ချမ်းမြေ့ပြီး အပြန်အလှန် နားလည်မှုရနေတဲ့ မိသားစုဝင် အိမ်ထောင်ဦးစီး ၊ ဇနီးခင်ပွန်းတို့အတွက်လည်း နေ့စဉ်ဘဝမှာ တခြားသူတွေထက် ပိုပြီး စိတ်ချမ်းမြေ့ကြည်လင်မှာ အမှန်ပဲ ဖြစ်ပါတယ်။

Featured Photo : Pexels