ဝိတ်ကျဖို့ပဲ ဖြစ်ဖြစ် ၊ ဝိတ်တက်ဖို့ပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းကို အချိန်ဇယားနဲ့ သေချာစနစ်တကျ တစိုက်မတ်မတ် လုပ်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကိုယ်လိုချင်တဲ့အတိုင်းအတာတစ်ခုအထိ အရပ်ရှည်ဖို့အတွက်တော့ လေ့ကျင့်ခန်းတိုင်းက အလုပ်မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ကြိုးခုန်တာ ကရော အရပ်ရှည်ဖို့ အထောက်အကူ ပြုနိုင်ပါ့မလား။ ကြိုးခုန် တာဟာ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ပေမယ့် ဘယ်လောက် အတိုင်းအတာအထိ အရပ် ရှည်ဖို့ ကူညီပေးလဲဆိုတာ စဉ်းစားစရာရှိပါတယ်။

တကယ်တော့ လေ့ကျင့်ခန်း ၊ အစားအသောက်နဲ့ နေထိုင်မှုပုံစံအပြောင်းအလဲတွေကနေ ကျွန်တော်တို့ရဲ့ကိုယ်အလေးချိန်ကို လိုသလို ချိန်ညှိလို့ရနိုင်ပေမယ့် အရပ်အမြင့်ကို တိုးစေဖို့ကတော့ မျိုးရိုးဗီဇနဲ့ အဓိက သက်ဆိုင်တယ်လို့ ပြောရပါမယ်။ ကြိုးခုန်တာက အကျိုးကျေးဇူးများတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခု ဖြစ်ပေမယ့် လက်မအနည်းငယ်လောက်သာ အရပ်ရှည်ထပ်လာဖို့ ပံ့ပိုးပေးနိုင်တာပါ။ ကိုယ်ရည်မှန်းထားသလောက် နှုန်းထားမျိုး ထွက်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုပြောလို့ စိတ်ပျက်မသွားပါနဲ့ ဆောင်းပါလေးကို အဆုံးအထိ ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်ပါ။

အရပ်ရှည်ဖို့ ဘယ်အရာတွေက အဓိကကျလဲ

Skipping Ropes

Photo : Men’s Fitness

ကြိုးခုန် တာက အရပ် ရှည်ဖို့ ဘယ်လိုအထောက်အကူ ပြုလဲဆိုတာမပြောခင် ကျွန်တော်တို့ရဲ့ အရပ်ရှည်နှုန်းကို ဟန့်တားနေတဲ့ အဓိကအကြောင်းအရာတွေက ဘာတွေဖြစ်မလဲဆိုတာ အရင်ပြောလိုက်ရအောင်ပါ။ နံပါတ် ၁ ကတော့ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇပါပဲ။ နံပါတ် ၂ က နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုတွေပါ။ နံပါတ် ၃ ကတော့ ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပုံမှန်လုပ်ကာ ကောင်းမွန်မှန်ကန်တဲ့ ကိုယ်နေဟန်အထားပုံစံကို ထိန်းထားမယ်ဆိုရင် လက်မအနည်းငယ်ခန့် အရပ်ပိုရှည်လာစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

ကြိုးခုန်တာက အရပ်ရှည်စေဖို့ ဘယ်လိုပံ့ပိုးပေးတာလဲ

Skipping Ropes

Photo : Sports Illustrated

ကြိုးခုန် လေ့ကျင့်ခန်းဟာ Heart Pumping Exercise တစ်ခု ဖြစ်သလို အရှိန်အဟုန်မြင့်တဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။ ကြိုးခုန်တဲ့အခါမှာ ခြေထောက်တွေကို မြေပြင်ကနေ အမြင့်ကို စည်းချက်ကျကျ ခုန်ရပါတယ်။ ထိုအခါမှာ ခန္ဓာကိုယ်ရှိ ကြွက်သားတွေနဲ့ အရွတ်တွေ အားလုံး ဆန့်ထွက်စေပါတယ်။ ရလဒ်အနေနဲ့ကတော့ ခန္ဓာကိုယ်ကို ပိုမိုပျော့ပျောင်းစေပြီး ဆန့်ထုတ်မှုကို ဖြစ်စေတာပါ။

နောက်ပြီး ကြိုးခုန်ပြီဆိုရင် ခန္ဓာကိုယ်က မတ်မတ်အနေအထားနဲ့ ရပ်နေမှာဖြစ်ပါတယ်။ ဒါကကျောရိုးနဲ့ နောက်ကျောကြွက်သားတွေကို ပြေလျော့စေပြီး ကိုယ်ဟန်အနေအထားကို ဟန်ချက်ညီစေပါတယ်။ မှန်ကန်တဲ့ ကိုယ်ဟန်အနေအထားဟာ လူတစ်ယောက်ကို အရပ် ရှည်စေသယောင် ထင်ရစေနိုင်ပါတယ်။ အမှန်တကယ်တော့ အရပ်ရှည်လာတာမျိုး မဟုတ်ပါဘူး။ ကိုယ်ဟန်အနေအထား မှန်ကန်တိုးတက်မှုတစ်ခုသာဖြစ်ပါတယ်။

ဒါ့အပြင် ကြိုးခုန်ဟာ အရိုးတွေရဲ့သိပ်သည်းဆကို တိုးစေပါတယ်။ အရိုးတွေ ကြံ့ခိုင်သန်မာပြီး သိပ်သည်းဆတိုးလာခြင်းဟာ အရပ်လက်မအနည်းငယ်ခန့် ပိုရှည်လာစေဖို့ အထောက်အကူပြုပါတယ်။ နောက်ပြီး ကြိုးခုန်ခြင်းဟာ ကိုယ်အလေးချိန်ကျစေတဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် အဆီပိုကင်းပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ရစေဖို့ကူညီပေးပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ အဆီပိုတွေမရှိပဲ ကျစ်ကျစ်လစ်လစ်နဲ့ ကြံ့ခိုင်သန်မာနေမယ်ဆိုရင် အရပ် အားဖြင့်လည်း ပိုရှည်တယ်လို့ ခံစားရစေမှာ ဖြစ်ပါတယ်။

တစ်ရက်ကို ကြိုးဘယ်လောက်ခုန်ရမလဲ

Skipping Ropes

Photo : Men’s Journal

တကယ်လို့ ကြိုးခုန်လေ့ကျင့်ခန်းကို အခုမှစလုပ်မယ်ဆိုရင် အနိမ့်ဆုံးအဆင့်ကနေပဲ စတင်ဖို့ အကြံပေးချင်ပါတယ်။ ပထမတစ်ရက်/နှစ်ရက်လောက်ကို အကြိမ် ၅၀ ခန့် လောက်နဲ့ စတင်ခုန်ပေးပါ။ တဖြည်းဖြည်း ကျင့်သားရလာတာနဲ့အမျှ အကြိမ်ရေကို ၇၅ / ၁၀၀ စသည်ဖြင့် တိုးသွားတာ ကောင်းပါတယ်။

နှလုံးခုန်နှုန်းနဲ့ ခန္ဓာကိုယ်ဟန်ချက်ကို ကောင်းကောင်းထိန်းပြီး ကစားလာနိုင်ပြီဆိုမှ တစ်ရက်ကို အကြိမ်ရေ ၃၀၀ နဲ့ အထက် ကစားဖို့ အကြံပြုချင်ပါတယ်။ ပြီးတဲ့အခါ တစ်ကြိမ်တည်း အကြိမ်ရေအများကြီး မခုန်နိုင်ရင် အကြိမ်ရေခွဲခုန်လို့ရပါတယ်။ ဆိုပါစို့ ကိုယ်က တစ်ကြိမ်တည်းနဲ့ အကြိမ်ရေ အခါ ၁၀၀ မခုန်နိုင်ရင် ၂ ကြိမ် / ၃ ကြိမ် ခွဲပြီး ခုန်ပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ ၁/၂ မိနစ်ခန့် နားပေးပါ။ အထူးလိုက်နာရမယ့် စည်းကမ်းချက်တစ်ခုကတော့ ကြိုးမခုန်ခင် အကြောလျော့ပေးဖို့ပါပဲ။

နောက်ပြီး ကြိုးခုန်နေတုန်းမှာ နှလုံးခုန်နှုန်းကို တည်ငြိမ်အောင်ထားဖို့ အလွန်အရေးကြီးပါတယ်။ နှလုံးခုန်နှုန်းတွေ အရမ်းမြန်လာတယ် ၊ အသက်ရှုမဝသလို ခံစားလာရတယ်ဆိုရင် လေ့ကျင့်ခန်းကို ချက်ချင်းရပ်သင့်ပါတယ်။ ကြိုးခုန်လေ့ကျင့်ခန်းဟာ ချွေးထွက်များတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ရေဓာတ်ခမ်းခြောက်မှုဖြစ်စဉ်ကို မြန်စေနိုင်ပါတယ်။ ဒါကြောင့် ကြိုးခုန်လေ့ကျင့်ခန်း လုပ်မယ့် အားကစားသမားတွေအနေနဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ တစ်နေ့တာအတွင်းမှာ ရေများများသောက်တာ ၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ရေသောက်တာမျိုး လုပ်ပေးပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေစဉ် ကြိုးခုန် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အလွန်အန္တရာယ်ရှိပါတယ်။

ကြိုးခုန်ဖို့ ဘာတွေလိုသလဲ

Skipping Ropes

Photo : Reviewed – USA Today

ကြိုးခုန် လေ့ကျင့်ခန်း လုပ်ဖို့အတွက် သက်တောင့်သက်သာရှိတဲ့ အဝတ်အစား (ခြေထောက်နာတက်သူတွေအနေနဲ့ အားကစားဖိနပ်စီးနိုင်ပါတယ်) ၊ ကြိုးခုန်ကြိုးတစ်ချောင်းနဲ့ မျက်နှာပြင်ညီညီညာညာရှိတဲ့ မြေပြင်တစ်ခုပဲ လိုပါတယ်။ ကြိုးခုန်ကြိုးတွေကတော့ ပုံစံအမျိုးမျိုး ၊ ဒီဇိုင်းအမျိုးမျိုး ရှိပါတယ်။ အဓိက ကိုယ့်ရဲ့အရှည်အမောင်းနဲ့အညီ ကိုက်ညီတဲ့ ကြိုးကောင်းတစ်ချောင်းကို ရှာပါ။ ကြိုးက အရမ်းရှည်မနေသင့်သလို အရမ်းတိုနေတာမျိုးလည်း မဖြစ်ရပါဘူး။ ကြိုးအရှည်က ကိုယ့်ခေါင်းကနေ ခြေဖျားအထိ အရပ်အမောင်းနဲ့ ကိုက်ညီနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုးခုန်ဖို့ ကြိုးဝယ်တဲ့အခါ ကိုယ့်အရပ်နဲ့ကိုက်ညီတဲ့ ကြိုးအရှည်ကို ရှာဝယ်ပါ။

ကြိုးခုန် လေ့ကျင့်ခန်းကို ၃ လကနေ ၆ လအတွင်း နေ့စဉ်ပုံမှန် တစိုက်မတ်မတ်နဲ့ ပြုလုပ်မယ်ဆိုရင် အရပ် လက်မအနည်းငယ်ခန့် ပိုရှည်လာစေမှာပဲ ဖြစ်ပါတယ်။

Featured Photo : Everyday Power